ကလေးသူငယ်ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့ကိုအရေးယူဖို့အရပ်ဖက်အဖွဲ့တွေတောင်းဆို၊ အစိုးရ၊ တပ်နဲ့ အပစ်ရပ်ဆယ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့မယ် အပါအဝင် ဒီဇင်ဘာ ၂၂ ရက်မနက်ခင်းထိပ်တန်းသတင်းများ

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ,

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

(၁) ကလေးသူငယ်ဥပဒေချိုးဖောက်တဲ့ ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ မကွေးတိုင်းအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃၀ ကျော် တောင်းဆိုလိုက်ပါတယ်။

သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားအပါအဝင် အခြား သက်သေကလေးငယ်နှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘွတ်စ်အကောင့်မှာလည်း ဒီအမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ထုတ်ဖော်တင်ပြခဲ့တာဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်ရဲတပ်ဖွဲ့ဝင်တွေကိုအရေးယူပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုမှာ ကျူးလွန်ခံရသူ ကလေးငယ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိကြီးတွေက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဒီလုပ်ရပ်အပေါ် ပြည်သူတွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကြားမှာလည်း ဝေဖန်ကန့်ကွက်မှုတွေပြင်းထန်နေပြီး ဗစ်တိုးရီးယားနဲ့အတူရပ်တည်ကြောင်း အွန်လိုင်းလှုပ်ရှားမှုတွေရှိလာနေပါတယ်။

ဒါ့အပြင် မနက်ဖြန် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့မှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုဖော်ထုတ်ရေး လူထုစုဝေးပွဲတစ်ခုပြုလုပ်ဖို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာ လှုပ်ရှားမှုတွေရှိလာနေပါတယ်။

ဓာတ်ပုံ ပုံစာ,

လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တဲ့အမှုဖြစ်

ဒါနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ သဘောထားသိရဖို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီးကျော်သီဟကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဒီဇင်ဘာ ၂၂ ရက်မနက်ပိုင်းအထိ အဆက်အသွယ်မရရှိသေးပါဘူး။

ဗစ်တိုးရီးယားမိသားစုနဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေသူတွေကတော့ ဒီကိစ္စကိုတရားဥပဒေအရ ဆက်လုပ်သွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

() အစိုးရ၊ တပ်နဲ့ အပစ်ရပ်ဆယ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ,

ကာလအတန်ကြာရပ်ဆိုင်းနေတဲ့တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။

အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့ကိုယ်စားလှယ်တွေ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

ရန်ကုန်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြမှာဖြစ်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ကို ရှေ့နေချုပ်ဦးထွန်းထွန်းဦးက ဦးဆောင်မှာဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းတို့ တက်ရောက်ဖို့ရှိတယ်လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NRPC

ဓာတ်ပုံ ပုံစာ,

အပစ်ရပ်ဆယ်ဖွဲ့ ရဲ့ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။

အပစ်ရပ်ဆယ်ဖွဲ့ဘက်ကလည်း ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေ အသီးသီး တက်ရောက်မှာဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက လုပ်ခဲ့တဲ့ ဆွေးနွေးပွဲအဆက်လည်း ဖြစ်ပြီး လာမယ့် ၂၀၂၀ နှစ်ဦးပိုင်းမှာ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး၊ ၂၀၂၀ မတိုင်မီနဲ့ ၂၀၂၀ အလွန်ကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကောင်အထည်ဖော်မှုအပိုင်းနဲ့ ပင်လုံညီလာခံမှာ ဖက်ဒရယ် အခြေခံမူတွေရရှိရေး နှစ်ဖက်ခေါင်းဆောင်တွေကြား သဘောတူညီချက်တွေရယူနိုင်ဖို့နဲ့ အဓိကအကျဆုံးကတော့ ကာလအတန်ကြာ ရပ်ဆိုင်းနေတဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ဆွေးနွေးကြဖွယ်ရှိနေပါတယ်။

(၃) ရုရှနဲ့တရုတ်လက်မှာ ဒုက္ခသည်တွေသွေးစွန်းသွားပြီလို့ အမေရိကန် ရှုံ့ချ

ဓာတ်ပုံ ရင်းမြစ်, Gokhan Sahin

ဓာတ်ပုံ ပုံစာ,

ဆီးရီးယားဒုက္ခသည်တွေဟာ နေ့စဉ် ဗုံးကြဲတဲ့ဒဏ်ကိုလည်းခံနေရပါတယ်။

သန်းနဲ့ချီတဲ့ ဆီးရီးယားဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးပို့နိုင်ရေး ရုရှနဲ့တရုတ်က ဗီတိုအာဏာနဲ့ ပိတ်ဆို့လိုက်တဲ့ဆုံးဖြတ်ချက်အပေါ် အမေရိကန်က ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရုရှနဲ့တရုတ်ရဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ရှက်စရာကောင်းတဲ့အကြောင်းနဲ့ ဒီနှစ်နိုင်ငံရဲ့လက်တွေမှာ ဒုက္ခရောက်နေတဲ့လူသားတွေရဲ့ သွေးစွန်းသွားပြီလို့ ပြောလိုက်ပါတယ်။

တကယ်တော့ အဲဒီဆုံးဖြတ်ချက်ဟာ ဆီးရီးယားအစိုးရဆီက ခွင့်ပြုချက်ရမှသာ ရှေ့တိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပြီး ဆီးရီးယားမြောက်ပိုင်းက စစ်ပြေး ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေကို တူရကီနဲ့အီရတ် နယ်စပ်ဘက်ကနေ ပေးပို့နိုင်ရေးဖြစ်ပါတယ်။

ဆီးရီးယားက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘာဆိုဘာမှမရှိကြဘဲ အများစုဟာ လဟာပြင်မှာပဲ အိပ်နေကြရပြီး ဆီရီးယား အနောက်မြောက်စွန်း ဒေသမှာဆိုလည်း နေ့စဉ် ဗုံးဒဏ်ခံနေရတယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာကုလအရာရှိဟောင်း ၊ လက်ရှိနော်ဝေး ဒုက္ခသည်ကောင်စီ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် အခုလို နယ်စပ်ဖြတ်ကျော်ဝင်လာမယ့်ထောက်ပံ့ရေးပစ္စည်းတွေကိုပါ ဖြတ်တောက်မယ့် လုပ်ရပ်ဟာ အင်မတန် ဆိုးရွားကြောင်း သူက ဝေဖန်ပါတယ်။

ရုရှကတော့ ဒါနဲ့ပတ်သက်လို့ ကူညီရေးအစီအစဉ်ကိုကန့်သတ်တဲ့သဘောသာဖြစ်ပြီး တစ်ဖက်မှာ ဆီးရီးယားရဲ့မဟာမိတ်တွေက နယ်မြေတွေပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်နေတာကြောင့်လို့ တုံ့ပြန်ထားပါတယ်။

ဗီဒီယို ပုံစာ,

ဆီးရီးယား သူပုန်လက်ထဲက မြို့တမြို့ကို အစိုးရဘက်က သိမ်းယူ

(၄) ကျူးဘားမှာ နှစ် လေးဆယ်ကျော်အတွင်း ဝန်ကြီးချုပ် ရာထူးပြန်ခန့်

ကျူးဘားမှာ နှစ်လေးဆယ်ကျော်အတွင်း နိုင်ငံရဲ့ဝန်ကြီးချုပ် ရာထူးကို ကျူးဘားသမ္မတက ပြန်လည် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ခရီးသွားလာရေးဝန်ကြီး မစ္စတာ မန်နူရယ်မာရီယိုခရုဇ် ကို ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးပေးလိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးဝန်ကြီးချုပ်ရာထူးကို ခရီးသွားဝန်ကြီး မစ္စတာ မာရီယိုခရု(အကျီအနက်နဲ့လူ) ကို ခန့်အပ်ခဲ့ပါတယ်။

ဒီဝန်ကြီးချုပ်ရာထူးကို ကွယ်လွန်သူ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒဲကတ်စထရိုက ၁၉၇၆ ခုနှစ်ကတည်းက ပယ်ဖျက်ထားတာဖြစ်ပါတယ်။

အခုလို မစ္စတာမန်နူရယ်မာရီယိုခရုဇ်ကို ဝန်ကြီးချုပ်ရာထူးပေးလိုက်ခြင်းက ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း ကျူးဘားရဲ့ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို အကြီးအကျယ်အောင်မြင်အောင် လုပ်ဆောင်ပြခဲ့တဲ့အတွက် ချီးမြှင့်တယ်လို့ သုံးသပ်တာတွေရှိထားပါတယ်။

သူဟာ နိုင်ငံခြားလုပ်ငန်းရှင်တွေနဲ့အကျိုးတူစီးပွားရေးလုပ်ကိုင်တာကို အားပေးခဲ့တဲ့အတွက် သူ ခရီးသွားဝန်ကြီးတာဝန်ထမ်းဆောင်စဉ်အတွင်း ကျူးဘားကို လာရောက်လည်ပတ်တဲ့ခရီးသွားအရေအတွက်လည်း တိုးပွားလာခဲ့ပါတယ်။