ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်ငွေစက္ကူများ လွတ်လပ်ရေးနေ့ စထုတ်မယ်

အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူနမူနာပုံစံ ဓာတ်ပုံ မူပိုင် MOI
Image caption အသစ်ထုတ်ဝေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူနမူနာပုံစံ

ငွေစက္ကူအသစ်ထုတ်တာဟာ ဈေးကွက်ထဲ လက်ရှိသုံးနေတဲ့အဟောင်းကို တဖြည်းဖြည်းလျှော့ပြီး ထုတ်တာဖြစ်တဲ့အပြင် အဟောင်းကို လည်း ဆက်သုံးနိုင်သေးတဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်စရာအကြောင်းမရှိလို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ ငွေစက္ကူအသစ်ကို လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ စတင် ထုတ်ဝေမယ်လို့ အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာပြီးတဲ့နောက်ပိုင်း ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်လို့ သုံးသပ်တာတွေရှိလာနေတာပါ။

ငွေစက္ကူအသစ်ထုတ်တိုင်း ကောလာဟလက ဒီပုံစံအတိုင်း ထွက်လာလေ့ရှိပြီး စိုးရိမ်စရာမလိုဘူးလို့ အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Taylor Weidman
Image caption လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်ကို လျှော့ပြီးထုတ်သွားမယ်

"ငွေစက္ကူအသစ်ထုတ်လို့ ငွေကြေးဖောင်းပွမှုရှိမယ်ဆိုတာ ယုံတမ်းစကားပဲ။ ငွေစက္ကူအသစ်ထုတ်ရင် အဟောင်းကို လျှော့ထုတ်ရမယ်။ ဟိုးအရင် ဗဟိုဘဏ်ထောင်သွားတဲ့ပုဂ္ဂိုလ်တွေ ဆရာဦးစံလင်း လက်ထက်တည်းက ဒီတိုင်းပါပဲ။ အခု ငွေစက္ကူတစ်ထောင်တန်ထုတ်ရင် အရင်ထုတ်နေကျ တစ်ထောင်တန် Lion seal (ခြင်္သေ့ပုံ) ကို တဖြည်းဖြည်း လျှော့လျှော့(ထုတ်)သွားမှာပေါ့" လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ရှင်းပြပါတယ်။

အသစ်ထုတ်ဝေမယ့် ကျပ်တစ်ထောင်တန်ငွေစက္ကူတန်ဖိုးက ဗဟိုဘဏ်မှာ စနစ်တကျမှတ်တမ်း တင်ထားတာဖြစ်ပြီး အသစ်အဟောင်းကြား ချိန်ညှိ ထုတ်ဝေတာဖြစ်လို့ အများစိုးရိမ်သလို ငွေစက္ကူတွေ ပြည်တွင်းဈေးကွက်ထဲ ပွားများလာတာလည်း မဟုတ်တဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်စရာ အကြောင်းမရှိဘူး လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် DEA / A. DAGLI ORTI
Image caption ဗိုလ်ချုပ်ပုံပါ ငွေစက္ကူတွေကို ဆက်လက်ထုတ်ဝေခြင်းမရှိတာ နှစ် ၃၀ ကျော်ပြီ

ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူတွေထုတ်တုန်းကလည်း အဲဒီလိုငွေကြေးဖောင်းပွမယ်၊ ကုန်ဈေးနှုန်းတက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပြီး အမှန်က ငါးထောင်တန်ထုတ်တဲ့အတွက် တစ်ထောင်တန်ကို လျှော့ထုတ်ခဲ့တဲ့နည်းနဲ့ Adjust လုပ်ပေးရတယ်လို့ ဦးသန်းလွင်က ဆိုပါတယ်။

ငွေစက္ကူအသစ်ကိုရိုက်ထုတ်မယ်ဆိုရင် ပြည်တွင်း လှည့်ပတ်ငွေရဲ့ ၅ ရာခိုင်နှုန်းပဲ ရိုက်သင့်ပြီး ဒီထက် ပိုများရင် ပြည်တွင်းမှာ လည်ပတ်ငွေများလာပြီး တန်ဖိုးလျော့ကျနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့လည်း ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဦးသန်းလွင်က အဟောင်းကိုတဖြည်းဖြည်းလျှော့ထုတ်မှာမို့လို လည်ပတ်ငွေကြေးတွေ များပြားလာစရာမရှိဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption အခုသုံးနေတဲ့တစ်ထောင်တန်တွေကိုလည်း ဆက်လက်သုံးစွဲနိုင်

ငွေစက္ကူအသစ်ရိုက်ထုတ်တာဟာ အရှုံးအမြတ်ရှိနိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေလည်း ရှိလာနေတာပါ။

ဒါနဲ့ပတ်သက်လို့ ဦးသန်းလွင် က ဗဟိုဘဏ်ဆိုတာ အကျိုးအမြတ်ကို ကြည့်ရတာမဟုတ်ဘဲ အများပြည်သူ အကျိုးစီးပွားကို သာရှေ့ရှု ရတာဖြစ်ပြီး အခုလို ပြည်တွင်းငွေကြေးဈေးကွက်မှာ အကျိုးအမြတ်ဆိုပြီး ပြောနေတာတွေက ထုတ်လုပ်မှုကုန်ကျစရိတ် (cost) ကို တွက်ချက်ပြောနေတာဖြစ်တယ်လို့ ဦးသန်းလွင် က ပြောပါတယ်။

လက်ရှိ အသစ်ထုတ်မယ့် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူကတော့ အဟောင်းယူအသစ်လဲပေးတဲ့ပုံစံသာဖြစ်လို့ ငွေကြေးဖောင်းပွမှု၊ဆုံးရှုံးမှု မရှိဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Roland Neveu
Image caption လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေစက္ကူတွေဖျက်သိမ်းခြင်းကိုတားမြစ်ထားပါတယ်။

"ဗဟိုဘဏ်က အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူးလေ။ အရင်တုန်းက အက်ဖ်အီးစီ ဆို ဘယ်လို လုပ်မလဲ။ ကာလတန်ဖိုးနဲ့တွက်ပြီး ဗဟိုဘဏ်က လျော်လိုက်ရတဲ့ပိုက်ဆံက ပိုတောင်များသေးတယ်။ ဗဟိုဘဏ်က တစ်ခါတလေအနစ်နာခံရတာလည်းရှိတာပဲ။ တစ်ခါတလေကိုယ့်ငွေကြေးခိုင်မာအောင် ဒေါ်လာတွေ ဝယ်တာပြန်ရောင်းတာလုပ်ပေးရတယ်။ အဲဒီမှာ ရှုံးတာလည်းရှိတယ်။ တစ်ခါတလေ မြတ်တယ်။ အဓိကက ငွေစက္ကူ ကျပ်တန်ဖိုးတည်ငြိမ်ရေးကိုပဲ အဓိကလုပ်တာ" လို့ ဆိုပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထုတ်ဝေခဲတဲ့ငွေစက္ကူတွေကို မဆလအစိုးရလက်ထက် ၁၉၈၅ ခုနှစ်မှာတစ်ကြိမ် ၊ ၁၉၈၇ ခုနှစ်မှာတစ်ကြိမ် ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ခြင်္သေ့ပုံနဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်ကျော်အကြာမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူတစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေတော့မှာဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငွေစက္ကူတွေဖျက်သိမ်းခြင်းကိုတားမြစ်ထားပါတယ်။

ဗိုလ်ချုပ်ပုံပါတဲ့ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေဖို့ ၂၀၁၇ ခုနှစ်နိုဝင်ဘာမှာ လွှတ်တော်မှာဆွေးနွေးခဲ့ကြပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးအမတ်တွေ ကန့်ကွက်ဆွေးနွေးခဲ့ပေမယ့် ထောက်ခံမဲများလို့ အဆိုအနိုင်ရခဲ့ပါတယ်။

ဒီမတိုင်ခင် အရင်ပထမအကြိမ်လွှတ်တော်သက်တမ်းတုန်းကလည်း ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေထုတ်ဖို့ အဆိုတင်တာတွေရှိခဲ့ပေမယ့်အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

နောက်ပိုင်းမှာ ဗိုလ်ချုပ်ပုံနဲ့ ကျပ်တစ်ထောင်တန်အပြင် ငွေစက္ကူအတန်အမျိုးမျိုးကို ဆက်လက်ထုတ်ဝေသွားမယ်လို့ အစိုးရ ကြေညာထားပြီး လက်ရှိသုံးစွဲနေတဲ့ငွေစက္ကူတွေဟာလည်း တရားဝင်အဖြစ် ဆက်လက်ရှိနေ မှာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကုန်ဈေးနှုန်း ပြဿနာ ဘယ်လိုကိုင်တွယ်နိုင်မလဲ

အစိုးရက လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူတွေ စတင်ထုတ်ဝေမှာဖြစ်ပြီး ရုံးပိတ်ရက်တွေအပြီး ဇန်နဝါရီ ၇ ရက်ကစလို့ ပြည်တွင်းဘဏ်တွေ အားလုံး စတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။