ဗစ်တိုးရီးယားအတွက်အမှုမှန်ပေါ်ရေး ရေဆုံးရေဖျားအထိ ရင်ဆိုင်သွားမယ်၊ တနင်္သာရီတိုင်းမှာ ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို ဒေသခံတွေ ကန့်ကွက် အပါအဝင် ဒီဇင်ဘာ ၂၃ ရက်မနက်ခင်းသတင်းများ

ဗစ်တိုးရီးယားကိုခုတုံးလုပ်ပြီး ပဋိပက္ခဖန်တီးချင်သူတွေရဲ့ထောင်ချောက်ထဲမဝင်ဖို့ သတိပေး

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption ဗစ်တိုးရီးယားကိုခုတုံးလုပ်ပြီး ပဋိပက္ခဖန်တီးချင်သူတွေရဲ့ထောင်ချောက်ထဲမဝင်ဖို့ သတိပေး

(၁) ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ရေဆုံးရေဖျားအထိ ရင်ဆိုင်သွားမယ်

ဗစ်တိုးရီးယားရဲ့ ထိခိုက်နစ်နာမှု အတွက် တာဝန်ယူမှုတာဝန်ခံမှုတောင်းဆိုဖို့နဲ့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိဖို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီတစ်ရပ်ကို နေပြည်တော်မှာ ဒီဇင်ဘာ ၂၂ ရက်က ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီက အမှုမှန်ပေါ်ရေး ရေဆုံးရေဖျားအထိ ဆက်ရင်ဆိုင်သွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သဘောကတော့ အမှုမှန်ပေါ်တဲ့အထိ တရားခံမိတဲ့အထိ ဆက်လုပ်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဗစ်တိုးရီးယားကိစ္စကို အကြောင်းပြပြီး နိုင်ငံသားတွေကို လမ်းပေါ်ထွက်အောင်၊ ဆန္ဒပြပွဲတွေ ဖြစ်အောင် လှုံ့ဆော်တာတွေရှိလာနိုင်တဲ့အတွက် သတိပြုကြဖို့လည်း အဲဒီကော်မတီက တိုက်တွန်းထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးနေချိန်မှာ ဒီကိစ္စတွေ အတွက် ဗစ်တိုးရီးယား ကိစ္စကိုခုတုံး မလုပ်သင့်ကြောင်းနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ၊ ပဋိပက္ခဖန်တီး လိုသူတွေရဲ့လှည့်ကွက်တွေထောင်ချောက်တွေထဲ မဝင်မိကြဖို့ လေးစားစွာ အသိပေးကြောင်း ကော်မတီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Htin Lin Oo fb
Image caption တရားစွဲဖို့ကိစ္စတွေကို စာရေးဆရာထင်လင်းဦးက ကော်မတီမှာတာဝန်ယူဆောင်ရွက်မယ်

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် သုံးနှစ်မပြည့်သေးတဲ့ ကလေးငယ် လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရတဲ့အမှုမှာ ကျူးလွန်သူလို့ ရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးပြီး တရားစွဲဆိုခဲ့တဲ့ ကိုအောင်ကြီးကို ကျူးလွန်ကြောင်း သက်သေမထင်ရှားတဲ့အတွက် တရားရုံးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရားရှင်ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီနောက် ဗစ်တိုးရီးယားအတွက် တရားခံအစစ်ကိုရှာပေးဖို့ တောင်းဆိုမှုတွေရှိလာချိန်မှာပဲ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာဗစ်တိုးရီးယားနာမည်နဲ့မိသားစုကိုယ်ရေးအချက်အလက်တွေထုတ်ဖော်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေကို ကော်မတီက ဒီရက်ပိုင်းထဲ တရားစွဲတော့မှာဖြစ်ပါတယ်။

တရားစွဲဆိုရေးအပါအဝင် ကိစ္စအရပ်ရပ်အတွက် စာရေးဆရာ ထင်လင်းဦးကို ကော်မတီက တာဝန်ပေးအပ်ထားပါတယ်။

Image caption ဗစ်တိုးရီးယားနာမည်နဲ့ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိကြီးတွေ

ဗစ်တိုးရီးယားအမှုနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ရဲဇာနည်ကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ ဦးထင်လင်းဦးက တရားစွဲမှာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားနာမည်နဲ့ မိသားစုအချက်အလက်တွေထုတ်ပြောခဲ့တဲ့သူတွေကို ကလေးရဲ့ဖခင်ဖြစ်သူက ကလေးသူငယ်ဥပဒေနဲ့ တရားစွဲမယ်လို့ သိရပါတယ်။

ဒီကော်မတီမှာ အမှန်တရားနဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗစ်တိုးရီးယား အမှုမှာ ကူညီပေးသူနဲ့ ဘီဘီစီတွေ့ဆုံ

(၂) တနင်္သာရီတိုင်းမှာဆောက်မယ့် ရေကာတာစီမံကိန်းတွေကို ဒေသခံတွေ ကန့်ကွက်

တနင်္သာရီတိုင်းက တနင်္သာရီချောင်းမကြီးတစ်လျှောက် တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေကို အလိုမရှိကြောင်း ဒေသခံတွေက ကန့်ကွက်နေကြပြီး အဲဒီရေကာတာတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေဆုံးရှုံးတာ၊ မိရိုးဖလာအရ အသက်မွေးဝမ်းကျောင်းနဲ့ နေထိုင်မှုတွေကိုပါ ထိခိုက်စေတယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

Image caption ရှမ်းပြည်နယ်ထဲက ရေကာတာတစ်ခု

ဒီရေကာတာစီမံကိန်းတွေကို ကွင်းဆင်း လေ့လာမှုတွေရှိနေပေမယ့် စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒေသခံတွေကို အသိပေးချပြတာမျိုးမရှိတဲ့အတွက် အခုလို ကန့်ကွက်ကြတနေကြတာဖြစ်ပါတယ်။

အဲဒီရေကာတာစီမံကိန်းတွေက မြန်မာအစိုးရနဲ့ ထိုင်းကုမ္ပဏီတွေ တည်ဆောက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာပါ။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကို လာရောက်ရှင်းပြတာတွေရှိပေမယ့် တည်ဆောက်မယ့် ရေကာတာအရေအတွက်နဲ့ ထုတ်လုပ်မယ့်လျှပ်စစ်တွေကို ဒေသခံပြည်သူတွေအတွက် ဘယ်လို အကျိုးရှိမလဲဆိုတာ ချမပြလို့ ဒါကို အဓိက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ရေကာတာ တည်ဆောက်ရေးစီမံကိန်းကြောင့် မြစ်ချောင်းတွေကို မှီခိုပြီး မိရိုးဖလာနေထိုင်လုပ်ကိုင်စားသောက်နေသူတွေအတွက် အခက်တွေ့နိုင်တယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ လူထု အခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Candle Light အဖွဲ့ တာဝန်ရှိသူ နော်ဖောစေးဝါး က ဘီဘီစီကိုပြောပါတယ်။

လက်ရှိရေကာတာတည်ဆောက်ဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ ကရင်အမျိုးသားအစည်း အရုံး ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်တဲ့ နေရာတချို့ပါဝင်ပြီး ဒီစီမံကိန်းကိုလည်း ကေအန်ယူကလည်း ကန့်ကွက်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းအတွက်ဆိုပြီး ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ဈေးနည်းနည်းပေးပြီး ဝယ်သူနေတာရှိသလို၊ လျှော်ကြေးမပေးဘဲ သိမ်းယူတာတွေလည်းရှိနေတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့က မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၁၅ ရွာက ဒေသခံ ရွာသား တစ်ရာကျော်က တနင်္သာရီမြစ်လွပ်လပ်စွာ စီးဆင်းရေးကိုတောင်းဆိုပြီး ရေကာတာစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒာဖော်ထုတ်ခဲ့ကြပါတယ်။

(၃) ထပ်ဝင်လာမယ့် ဆီးရီးယားဒုက္ခသည်တွေကို တာဝန်မယူနိုင်တော့ဘူးလို့ တူရကီ ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားဒုက္ခသည် ရှစ်သောင်းကျော် တူရကီကို ထွက်ပြေးလာ

ဆီးရီးယားမှာ သူပုန်တွေထိန်းချုပ်ထားတဲ့ နယ်မြေကို အစိုးရတပ်တွေက သွားတိုက်ခိုက်တဲ့အတွက် လူ ၈ သောင်းကျော် တူရကီကို ထွက်ပြေးလာရတယ်လို့ တူရကီသမ္မတ အာဒိုဝမ်က ပြောပါတယ်။

ဒါကြောင့် နောက်ထပ် ဝင်လာမယ့်ဒုက္ခသည်တွေကိုတော့ တူရကီက တာဝန်မယူနိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ပွဲတွေရပ်အောင် ရုရှနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ရုရှဟာ ဆီးရီးယားဘက်ကနေ ဝင်ကူတိုက်ပေးရင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆီးရီးယားအရှေ့ တောင်ပိုင်းက နယ်မြေတချို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲတွေကြောင့် လူအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းထွက်ပြေးနေရ

အခုလိုတိုက်ပွဲတွေအတွင်း မြို့ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုနေလို့ အရပ်သားအမြောက်အမြား သေဆုံးရသလို အစုလိုက်အပြုံလိုက် ထွက်ပြေးရတာတွေလည်း ရှိနေပါတယ်။

ဗုံးကြဲခံရလို့ မိသားစုလိုက် ထွက်ပြေးလာရပြီး အခြေအနေက အတော်ဆိုးရွားနေသလို စစ်လေယာဉ်တွေကလည်း အမြဲတမ်းပျံဝဲနေပါတယ်လို့ ဆီးရီးယားစစ်ပြေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဆီးရီးယားအစိုးရကတော့ နိုင်ငံအရှေ့တောင်ပိုင်းက အီဒလစ်ဘ် ဒေသကို ပြန်လည်သိမ်းပိုက်လိုပြီး အဲဒီနေရာဟာ အယ်လ်ကိုင်ဒါမိတ်ဖက် ဂျီဟက်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

(၄) သမ္မတရွေးပွဲဝင်ဖို့ လုပ်လို့ ဖမ်းခံရတဲ့ အီရတ်စစ်ဗိုလ်ချုပ် ပြန်လွတ်လာ

ရာထူးက အနားယူပြီးတဲ့နောက် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ကြိုးပမ်းမှုနဲ့ အဖမ်းခံခဲ့ရတဲ့အီဂျစ်က ဗိုလ်ချုပ်တစ်ဦးဟာ ဒီကနေ့ နှစ်နှစ်အကြာမှာ ပြန်လွတ်လာပါပြီ။

ဗိုလ်ချုပ်ဆာမီအာနမ်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက အီဂျစ်သမ္မတ အယ်လ်ဒူဖာအယ်လ်စီစီကို အဓိက စိန်ခေါ်သူဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ စစ်တပ်ရဲ့ခွင့်ပြုချက်ကိုမတောင်းဘဲ ရွေးကောက်ပွဲဝင်ပြိုင်ဖို့လုပ်လို့ စစ်စည်းကမ်း ချိုးဖောက်မှုနဲ့ အဖမ်းခံရတာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ သမ္မတ အယ်လ်စီစီကပဲ မဲ ၉၇ ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့ပြီး ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

ဒီသတင်းနဲ့ပတ်သက်သမျှ