ဗစ်တိုးရီးယားအမှု-ရဲတပ်ဖွဲ့ကျင့်ဝတ်အပေါ် အမြင်များ

ရဲတပ်ဖွဲ့ကို တရားပြန်စွဲဖို့ စီစဉ်နေကြပါပြီ။ ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption ရဲတပ်ဖွဲ့ကို တရားပြန်စွဲဖို့ စီစဉ်နေကြပါပြီ။

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက်သုံးနှစ်မပြည့်သေးတဲ့ကလေးငယ် ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုမှာ စွပ်စွဲခံရသူ ကိုအောင်ကြီးကို တရားရှင်ပြန်လွှတ်ပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာကလေးငယ်ရဲ့ အမည်နဲ့ မိသားစု ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ တဲ့ ရဲတပ်ဖွဲ့အရာရှိကြီးတွေကို ပြင်းပြင်း ထန်ထန်ဝေဖန်နေချိန်မှာပဲ ရဲတပ်ဖွဲ့ဖေ့စ်ဘွတ်စာမျက်နှာ ရဲဇာနည်ကနေ အမှုနဲ့သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်တင်ခဲ့ပါတယ်။

Image caption ဗစ်တိုးရီးယားနာမည်နဲ့ မိသားစုအချက်အလက်တွေကို ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြော

ဒီလုပ်ရပ်ကို ကန့်ကွက်မှုတွေ ပိုပြီးပြင်းထန်ကျယ်လောင်လာတဲ့နောက် သတင်းစာရှင်းလင်းပွဲဗီဒီယိုဖိုင်နဲ့ စာရွက်စာတမ်းတွေတင်ထားတာကို ပြန်ဖြုတ်သွားခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျင့်ဝတ်နဲ့ လုပ်ရပ်တွေကို ဥပဒေနဲ့ငြိစွန်းတယ်လို့ ထောက်ပြမှုတွေရှိလာသလို ရဲတပ်ဖွဲ့ကို တရားပြန်စွဲဖို့ စီစဉ်နေကြပါပြီ။

ဒါနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့အမြင်တွေက ဘယ်လိုရှိပါသလဲ။ ဘီဘီစီက စုစည်းမေးမြန်းတင်ဆက်ထားပါတယ်။

ဒေါ်သန္တာ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီဗဟိုအမျိုးသမီးကော်မတီဝင်)

ဓာတ်ပုံ မူပိုင် Union Parliament
Image caption ဒေါ်သန္တာ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီဗဟိုအမျိုးသမီးကော်မတီဝင်)

ဒီကိစ္စကို ကျွန်မက ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကော်မတီကို တိုင်ကြားထားပါတယ်။ ဘာ ကြောင့် ဒီကော်မတီက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထိန်းကျောင်းတဲ့ ကော်မတီဖြစ် လို့ပါ။ (ဒီဇင်ဘာ) ၁၉ ရက်နေ့သူတို့ (ရဲတပ်ဖွဲ့) သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ကျွန်မ ၂၀ ရက်နေ့မှာ တိုင်လိုက်တာပါ။ ကလေးသူငယ် အခွင့်အရေးကာကွယ်ရေးဥပဒေမှာ လိုက်နာရမယ့်ပုဒ်မ ၆၉ က ရဲတပ်ဖွဲ့ က လိုက်နာ ရမယ့်အရာ။ ပြစ်မှု ကျူးလွန်ခံရတဲ့ကလေးကိုရော၊ ပြစ်မှုကျူးလွန်တဲ့ကလေးကိုရော စစ်ဆေး ရင် လိုက်နာရမယ့်အချက်တွေ ဖြစ်တယ်။ ရဲတပ်ဖွဲ့က လိုက်နာရမယ့်အချက်တွေကိုမလိုက်နာတာဟာ ဥပဒေအတိုင်း မလိုက်နာတာကို ထိန်းကျောင်းဖို့က လွှတ်တော်ကိုယ်စားလှယ်ရဲ့တာဝန်ဖြစ်တယ်။ သူတို့ ဘယ်လိုပြန်ဖြေမလဲတော့ကျွန်မမသိသေးဘူး။ လာမယ့် ၁၅ ကြိမ်မြောက် လွှတ်တော် ပြန်စရင် ကျွန်မ ကို ခေါ်ပြီးတော့ တွေ့ဆုံပေးမယ် ပြောပါတယ်။ တရားခံဖမ်းဆီးရေးတာဝန်က ရဲတပ်ဖွဲ့ရဲ့တာဝန်ပဲ။ ကျွန်မ တို့အမျိုးသမီးလုပ်ငန်းကော်မတီက ဗစ်တိုးရီးယားအမှုကို စောင့်ကြည့်နေတယ်ဆိုတာ ထုတ်ပြန်ချက် ထုတ်ထားတယ်။ ဒီကြေညာချက်အတိုင်းပဲ ပါတီက စောင့်ကြည့်နေပါတယ်။ ဥပဒေအတိုင်း မလုပ်တာ ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထိန်းကျောင်းမယ်။

ဒေါ်ခိုင်ခိုင်လဲ့(တရားလွှတ်တော်ရှေ့နေ၊ ဥက္ကဋ္ဌ-မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ)

ဓာတ်ပုံ မူပိုင် KKL
Image caption ဒေါ်ခိုင်ခိုင်လဲ့

အမှုက ပြီးသွားပြီပေါ့။ Investigation(စုံစမ်းစစ်ဆေးခြင်း) လုပ်တာရယ်၊ တရားခံအစစ်အမှန်ပေါ်ဖို့က ခက်ခဲတယ်လို့မြင်တယ်။ လက်ရှိ ဒီအန်န်အေ DNA စစ်ထားတဲ့ဟာတွေလည်းပျောက်ဆုံးနေတယ်။ စီစီတီဗီတွေလည်း ပျောက်ဆုံးနေတယ်။ အဓိကနှစ်ခုကပျောက်နေတယ်ဆိုတော့ investigation ဘယ်လိုလုပ်မလဲပေါ့။ နောက်ပြီး ရက် ၆၀ အတောအတွင်းမှာ ကိုအောင်ကြီးကို သူတို့ ဘာလုပ်ကြဦးမလဲ။ နောက်ထပ် သက်သေခံချက်တွေထပ်ရှာပြီးတော့ ထပ်စစ်ဖို့များ လုပ်မလားပေါ့။ အဲဒါစောင့်ကြည့်ရမယ်။ ထုံးစံအရတော့ အမှုက အသစ်စွဲဆိုပြီး အသစ်ဖွင့်မှပဲရမယ်။ အခု ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့ တရားစွဲမယ်ဆိုရင် စွဲလို့ရပါတယ်။ နစ်နာသူကာယကံရှင် အနေနဲ့ လူပုဂ္ဂိုလ် တစ်ဦးနဲ့တစ်ဦးဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၁၁ မှာ လူပုဂ္ဂိုလ်အချင်းချင်း စွဲလို့ရတာကို ပေးထားတဲ့အတွက် တရားစွဲလို့ရပါတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ဟာ နိုင်ငံတော်အဆင့်အဖွဲ့အစည်းဖြစ်လို့ (တရားစွဲလို့ရမရ) ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာ ပါ ပါတယ်။ နိုင်ငံတော်သည် တရားစွဲဆိုခွင့်၊ တရားစွဲဆိုခံပိုင်ခွင့်ရှိသည်လို့ပါတယ်။ တရားစွဲလို့ရပါတယ်။ ဒါပေမယ့် တရားစွဲဆို ခွင့်ပြုမိန့်ယူရတယ်။

တရားမကြောင်းအရ နစ်နာမှု့ကိုတော့ တောင်းဆို ခွင့်ရှိတယ်။

ဒေါ်ယဉ်မင်းမြင့်ဆွေ (အမျိုးသမီးကော်မတီပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ)

ဓာတ်ပုံ မူပိုင် Yin Min Myint Swe
Image caption ဒေါ်ယဉ်မင်းမြင့်ဆွေ

ကလေးသူငယ်ဥပဒေမှာလည်း အတိအလင်း ပြဌာန်းထားတယ်။ ကလေးသူငယ်တရားခံဆိုရင်တောင် အခုလို Public မှာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလေ။ ဒါ ရဲကျင့်ဝတ်အရရော ဥပဒေမပြဌာန်းရင်တောင်မှ လူသားတွေရဲ့ကျင့်ဝတ်ပေါ့နော်။ ကလေးတွေရဲ့အနာဂတ်ဆိုတာရှိတာကိုး။ ဒါကတော့ မလုပ်သင့်မလုပ် ထိုက်တဲ့ကိစ္စတစ်ခုလိုတော့ အမြင်ရှိတာပေါ့။ မဖြစ်သင့်ဘူး။ မိန်းကလေးဆိုတာ ပိုပြီး နစ်နာစရာရှိတယ်။ ဗစ်တိုးရီးယားလေးက သူ့အနာဂတ်ကအများကြီးရှိသေးတယ်။ လူသားဆန်မှုအရတွေးတွေး၊ ဥပဒေကြောင်း အရပဲ တွေးတွေးမဖြစ်သင့်ဘူး။ ကျွန်မတို့ ကြံ့ခိုင်ရေးပါတီက ဗစ်တိုးရီးယားအမှုစဖြစ်တည်းက ဝန်းရံခဲ့ တယ်။ တာဝန်ယူဖြေရှင်းခဲ့တဲ့ဒေါ်စုဒါလီအောင်တို့ ဆရာဦးခင်မောင်ဇော်တို့ ဆောင်ရွက်မှုတွေကို ကျွန်မ တို့ ဝန်းရံခဲ့တယ်။ ဗစ်တိုးရီးယားလေးအတွက် ဆန္ဒဖော်ထုတ်ပွဲတွေမှာလည်း ပါတီဝင်တွေက ပါဝင်ခဲ့တာ တွေလည်းရှိပါတယ်။ အခု ဒီအမှုမှာ တရားခံလို့ ယူဆရသူနောက်ထပ်ဘယ်သူရှိဦးမလဲ။ တရားစွဲအဖွဲ့ အစည်းက ဆက်လုပ်ဖို့လိုပါတယ်။ တရားရုံးကိုရောက်မလာရင်တော့ တရားစီရင်ရေးက လုပ်ထုံးလုပ်နည်းအရ ဆက်လုပ်လို့မရဘူးဖြစ်နေမှာပါ။

ဦးထင်လင်းဦး (စာရေးဆရာ၊ ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်ရေးကော်မတီ)

ဓာတ်ပုံ မူပိုင် Htin Lin Oo fb
Image caption ဦးထင်လင်းဦး

ရှေ့နေတွေနဲ့ အသေးစိတ်တိုင်ပင်နေပါတယ်။ အမှုမှန် ပေါ်ပေါက်ဖို့က တရားရုံးကို ပြန်ခေါ်ရမှာပေါ့။ တရားရုံးမှာ ပြန်လည်စစ်ဆေးမှုတွေကို လျှောက်ထားရမယ်။ ဖြစ်နိုင်မယ့်လမ်းကြောင်းအမျိုးမျိုးကို စဉ်းစားနေပါတယ်။ ကလေးအဖေကလည်း လောလောဆယ် ဒီရက်ထဲ သူစဉ်းစားပါရစေလို့ ကျွန်တော်တို့ကို ပြောထားတယ်။ ကျွန်တော်တို့ဘက်ကတော့လောလောဆယ်စဉ်းစားတာက direct complain ပေါ့။ တရားရုံးကို (အမှုကို ပြန်လည်စစ်ဆေးပေးဖို့) ဦးတိုက်လျှောက်တဲ့ပုံစံတစ်ခု စဉ်းစားထားတာရှိပါတယ်။ ဒါကိုလည်း ကလေးအဖေကိုပြောထားပါတယ်။ ကလေးအဖေ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ၂၇ ရက်နေ့မှာ သိရမယ်ဗျ။ ခု (ကလေးရဲ့အချက် အလက်တွေကို) ပြောဆိုသွားတဲ့သူတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ ပြောကြတာပေါ့။ ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပြောဆိုခြင်းမရှိတဲ့ တရားမျှတမှုကို မှန်မှန်ကန်ကန် ထမ်းဆောင်နေသူတွေကတော့ ထိခိုက်နစ်နာတာပေါ့။ ကျွန်တော်တို့မှာ အဲဒီရည်ရွယ်ချက်မရှိဘူး။ နောက်တစ်ခုက ဒီလောက်တောင် ကိုယ်ပြောလိုက်တဲ့စကားကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်သွားတယ်။ ဒီလိုပြောဆိုသွားတာကို ကာယကံရှင်မိသားစုကပဲ လက်မခံနိုင်ဘူးဆိုလည်း တစ်မျိုး။ ကလေးရဲ့ ဆွေမျိုးသားချင်းတွေက လက်မခံနိုင်တာဆိုရင်လည်း ဒါက ပုံမှန်ပဲ။ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေတွေက လက်မခံဘူးဆိုလည်း ပုံမှန်အခြေအနေပဲရှိသေးတယ်။ ခုက ရှေ့နေအသိုင်း အဝိုင်းအားလုံးကလည်း လက်မခံဘူး။ အသိပညာ ရှင်၊ အတတ်ပညာရှင်အသိုင်းအဝိုင်းကလည်း လက်မခံကြဘူး။ သတင်းမီဒီယာတွေကလည်း လက်မခံဘူး။ နောက်ဆုံး Live လွှင့်တဲ့ ဗီဒီယိုတွေပါပြန်ဖြုတ်ချသွားကြတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဒီစကားလုံးတွေကဘောင်ကျော်ငြိစွန်းနေတယ်ဆိုတာကို ဘာလို့ ထွက်မရှင်းတာလဲ။ ဘာလို့ အဖြေပြန်မပေးတာလဲ။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ အဲဒါဗျ။ ကျွန်တော်တို့လည်း စိတ်ထဲမှာ တော်တော်ကိုခံစားရပါတယ်။

ဒေါက်တာမျိုးညွန့်(အန်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ)

ဓာတ်ပုံ မူပိုင် NLD
Image caption ဒေါက်တာမျိုးညွန့်

ကလေးသူငယ်နဲ့ပတ်သက်ရင် ကျွန်တော်တို့က ကာကွယ်ပေးရပါမယ်။ ဒါကြောင့်လည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေကိုပြဌာန်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပြဌာန်းထားတဲ့ဥပဒေတွေကိုဘယ်လိုတာဝန်ရှိသူမဆို အားလုံးက လေးစားလိုက်နာရမှာပါ။ ဥပဒေချိုးဖောက်ခဲ့ရင်တော့ ဥပဒေအရ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကာကယံရှင်က ဥပဒေကြောင်းအရ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ပါတီကတော့ တရားစီရင်ရေးနဲ့ လုပ်ထုံးလုပ်နည်းအရ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းရှိမရှိစောင့်ကြည့်ပြီးတော့ ပြောဆိုရမှာပါ။ ပထမအမှုမှာ သံသယရှိတဲ့တရားခံကတော့အပြစ်ရှိကြောင်းမထင်ရှားလို့ ပြန်လွှတ်ပေးလိုက်တယ်။ ဒီတော့ နောက်ပိုင်းအမှုကိုထပ်စွဲမယ်ဆိုရင်အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ သို့သော်လည်း နစ်နာသူမှန်ရင်တော့ မိမိနစ်နာမှုကို ထင်ရှားအောင်ပြပြီးတော့ ထပ်မံစွဲဆိုဖို့အကြောင်းပြချက် ကောင်းကောင်းရှာနိုင်မယ် ဆိုရင်တော့ ဆက်လုပ်နိုင်မှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ