ရခိုင်မှာ စစ်မီး ပိုတောက်လောင်မလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်နေ

အိုင်စီဂျေသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲလုပ်ဖို့စီစဉ်လို့ ဦးရဲသိန်းကိုဖမ်းတာလို့ အေအေက ပြောခဲ့တာပါ။ ဓာတ်ပုံ မူပိုင် Ray Thein
Image caption အိုင်စီဂျေသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲလုပ်ဖို့စီစဉ်လို့ ဦးရဲသိန်းကိုဖမ်းတာလို့ အေအေက ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ သွားရောက် တရားရင်ဆိုင်တဲ့အပေါ် ထောက်ခံပွဲလုပ်ဖို့ စီစဉ်တဲ့အတွက် အေအေ က ဖမ်းဆီးသွားတဲ့ ဘူးသီးတောင် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၂၅ ရက်က လက်နက်ကြီးထိမှန်လို့ သေဆုံးသွားပြီလို့ ရခိုင့်တပ်မတော်အေအေက ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဦးရဲသိန်းသေဆုံးမှုကို အေအေ သတင်းထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေရှိလာနေသလို ဦးရဲသိန်း တကယ်မသေဘူးလို့ သူ့မိသားစုဝင်တွေက ယုံကြည်နေပါတယ်။

"အမှန်တကယ် သေဆုံးတယ်ဆိုရင် အဲဒီသေဆုံးတဲ့နေရာကို သွားပြီးတော့ အလောင်းကိုယူမှာ။ သူတို့ (အဲဒီလို လက်နက်ကြီးမှန်လို့သေတယ်ဆိုရင်) အလောင်းပုံတင်ပေးလိုက်လို့ပြောချင်တယ်။ ဒါက ကျွန်တော်တို့ သေတယ်လို့ မယူဆဘူး။ ပထမရက်တွေတုန်းကဆိုရင် အလောင်းရတယ်လို့ပြောတယ်။ သေပြီလို့ပြောတယ်။ လွှဲလိုက်ပြီလို့လည်းပြောတယ်။ ကျွန်တော်တို့ ဘယ်သတင်းကို ယူရမှန်းမသိဘူး" လို့ ဦးရဲသိန်းရဲ့အစ်ကိုရင်း ဦးအောင်ကိုဆွေက ပြောပါတယ်။

အန်အယ်လ်ဒီပါတီ ဘာပြောလဲ

ဖြစ်စဉ်က မှန်တယ်ဆိုရင်တော့ အန်အယ်လ်ဒီပါတီဘက်က ကြေညာချက်ထုတ်ပြန်ဖို့ရှိပြီး တာဝန်ရှိတဲ့သူကို ရှုတ်ချဖို့ရှိတယ်လို့ အန်အယ်ဒီပါတီ ရဲ့ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

ဦးဝှေ့တင်းအပါအဝင် အစိုးရဝန်ထမ်းတွေနဲ့ ဓားစားခံတွေပြန်လွတ်ရေးအတွက် တုံ့ပြန်မယ့်နည်းလမ်းကိုလည်း ရှာနေပြီး စစ်ရေးအရတုံ့ပြန်မှုမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့လည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဦးရဲသိန်းဘယ်လိုသေဆုံးတယ်လို့ အေအေပြောလဲ

ဒီဇင်ဘာ ၁၁ ရက်တည်းက ဦးရဲသိန်းကို ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာအရှေ့ဘက် ၃ ကီလို မီတာအကျော်မှာရှိတဲ့ ပွိုင့် ၄၂၈ တောင်ကုန်းမှာ ယာယီထိန်းသိမ်းထားပြီး အဲဒီတောင်ကုန်းကို တပ်မတော်ဘက်က ဒီဇင်ဘာ ၂၂ ရက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အေအေပြော ခွင့်ရခိုင်သုခက ပြောပါတယ်။

"ဒီဇင်ဘာ ၂၂ မှာပစ်တယ်။ ၂၃ မှာ ပစ်တယ်။ ၂၄ မှာ နားပြီးတော့ မနေ့က တစ်နေ့လုံးနီးပါး တောက်လျှောက်ပစ်နေတာ။ ညနေ ၃ နာရီ ၆ မိနစ်မှာ သူ့(ဦးရဲသိန်း) ကို ထိန်းသိမ်းထားတဲ့နေရာကိုမထင်မှတ်ဘဲ သွားထိတာ" လို့ ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်က အဲဒီလို ဒီဇင်ဘာ ၂၂ ရက်တည်းက ပစ်ခတ်နေတယ်ဆိုရင် ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့အသက်အန္တရာယ် လုံခြုံဖို့ နေရာရွှေ့ပြောင်းရေး မစဉ်းစားခဲ့ဘူးလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါ ခိုင်သုခက

"အဲဒီတောင်ကုန်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့တောင်ကုန်းဗျ။ အဲဒီမှာ သူ့ကို လုံခြုံတယ်လို့ ယူဆရတဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတာဗျ။ လက်နက်ကြီးက အလုံးလိုက် လာထိတော့ သူ အပါအဝင် ကျွန်တော်တို့လူတချို့လည်း ဒဏ်ရာရတာ ရှိတယ်။ သူကတော့ အဲဒီမှာ အနီးကပ် သူ့ ဟို ဥစ္စာအထဲမှာ ကွဲတဲ့အခါကျတော့ သူခန္ဒာကိုယ်ကတော့အစိတ်စိတ်အမြွာမြွာဖြစ်သွားတာ " လို့ တုံ့ပြန်ပါတယ်။

လက်နက်ကြီးက ဦးရဲသိန်းကိုတည့်တည့်ထိမှန်တဲ့အတွက် ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာဖြစ်သွားပြီး ကြည့်မကောင်းရှုမကောင်းဖြစ်ခဲ့လို့ ကောက်ယူစုစည်းပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ရတယ်လို့ ခိုင်သုခကပြောပါတယ်။

ဒါကြောင့် ဦးရဲသိန်းရုပ်အလောင်းကို မိသားစုထံ ပြန်အပ်လို့မဖြစ်နိုင်ကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးရဲသိန်းမိသားစုအတွက်စိတ်မကောင်းကြောင်း လည်း သူကဆက်ပြောပါတယ်။

တပ်မတော်ဘက်က ဘာပြောလဲ

ဓာတ်ပုံ မူပိုင် STR
Image caption ဒီဇင်ဘာ ၂၅ မှာဘူးသီးတောင်မှာတိုက်ပွဲမဖြစ်ခဲ့ဘူးလို့ တပ်မတော်ဘက်က ပြောပါတယ်။

ဦးရဲသိန်းသေဆုံးခဲ့ရတဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ ဘူးသီးတောင်နဲ့အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို လက်နက်ကြီးနဲ့ပစ်ခတ်တာလည်းမရှိဘဲ အေအေက ကလိန်ကကျစ်ထုတ်ပြန်မှုသာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ကလိန်ကကျစ် ထုတ်ပြန်ချက်လို့ပဲပြောချင်တယ်။ ဒီဇင်ဘာ ၂၄ ရက်မှာလည်း ဘူးသီးတောင်ဘက်မှာ တိုက်ပွဲမရှိဘူး။ ဒီဇင်ဘာ ၂၅ မှာလည်း မရှိဘူး။ ၂၄ မှာ လဝက က ဝန်ထမ်းသုံးယောက် ဖမ်းဆီးခံရတာရှိတယ်။ ၂၅ ရက်မှာ တောချေင်းနဲ့ မြောက်ဦးဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ သူတို့အနေနဲ့ အဲဒီလို ကလိန်ကကျစ်ထုတ်ပြန်ချက်တွေ ထုတ်နေတာပါပဲ။ ဘူးသီးတောင်မှာရှိတဲ့ ဒေသခံတွေကို မေးကြည့်ပါ။ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌက ဖမ်းဆီး ခံရပြီး သိပ်မကြာဘူး။ နှိပ်စက်ညင်းပန်း သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းမျိုး ဒေသခံတွေကြားမှာ သိရှိခဲ့တာမျိုးရှိတယ်။ သူ့ကို ဖမ်းဆီးမခံရခင်ကတည်းက ခြိမ်းခြောက်ခံရတယ်ဆိုတာလည်း ကြားသိထားရပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အေအေဘက်က ဒီဇင်ဘာ ၂၆ ရက်အထိ ဦးရဲသိန်းသေဆုံးခဲ့တဲ့ အေအေတပ်စခန်းရှိရာ ပွိုင့် ၄၂၈ တောင်ကုန်းကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေဆဲလို့ ပြောကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"ကျွန်တော်ပြောမယ်။ ပွိုင့် ၄၂၈ တောင်ကုန်းမှာ အေအေဆိုတဲ့ဟာတွေမရှိဘူး။ ဘာလို့လဲဆိုတော့ ရှိရင်လည်း အဲဒီသတင်းမထုတ်ပြန်ဘူး။ စခန်းရှိတယ်ဆိုရင် နေရာလည်းပြောမှာမဟုတ်ဘူး။ ဒါပါပဲ။ ရှေ့ကနေ လိမ်ထားတာကို ယုတ္တိတန်အောင် နောက်ကနေ ဆက်လိမ်နေတဲ့သဘောပါပဲ" လို့ သူကပြောပါတယ်။

ဦးဝှေ့တင်းနဲ့ကျန်ရှိ ဓားစားခံတွေရဲ့လုံခြုံရေးအာမခံချက်ဘယ်လိုရှိမလဲ

ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဦးဝှေ့တင်းကို အေအေက ဖမ်းထားတာ နှစ်လနီးပါးရှိလာပါပြီ။

ဒီလို မတော်တဆထိခိုက်မှုတွေကတော့ စစ်မြေပြင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောဖြစ်ပြီး ကျန်ရှိနေတဲ့ ဖမ်းဆီးထားသူတွေရဲ့အသက်အန္တရာယ်လုံခြုံဖို့ အစွမ်းကုန်ကာကွယ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်မြေပြင်ဆိုတာက ဘယ်နေရာမဆို လက်နက်ကြီးထိနိုင်ပြီး ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်လို့ ခိုင်သုခက ပြောပါတယ်။

"ဒီဟာကတော့အာမခံချက်ပေးဖို့ကတော့ ခက်တာပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး သူတို့ကို လုံခြုံအောင်ထားမှာပေါ့။ အဲဒီလို မတော်တဆမှုမျိုးကတော့ မဖြစ်ဘူးလို့ ဘယ်သူကမှတော့ အာမ မခံနိုင်ဘူး" လို့ ဆိုပါတယ်။

ဦးဝှေ့တင်းကိုလည်း အကောင်းဆုံးအလုံခြုံဆုံးထိန်းသိမ်းထားပေမယ့် အခုလို မတော်တဆဖြစ်မှုမျိုး မဖြစ် ဘူးလို့တော့အာမခံချက်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

စစ်မြေပြင်မှာ တပ်ဘက်က လာပြီး ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့လာပစ်တာမှာ ဘယ်သူမှ မထိဘူးလို့တော့ မပြောနိုင်ဘူးလို့ ပြောပါတယ်။

အရပ်သားတွေက မြေစာပင်လား

ရခိုင်ပြည်သူတွေအတွက်တော်လှန်ရေးလုပ်နေတာလို့ အေအေကပြောပြီး တပ်မတော်ဘက်ကလည်း ရခိုင်မှာ အေအေမရှိခင်တုန်းက အေးချမ်းခဲ့ပြီး ခုအေအေရှိလာတော့မှ ခုလို အခြေအနေတွေဖြစ်နေတာလို့ လက်နက်ကိုင်နှစ်ဖက်လုံးက ပြောကြားထားပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ စစ်နယ်ပိုကျယ်လာပြီး အရပ်သားတွေကို နှစ်ဖက်လုံးက ဖမ်းဆီးမှုတွေ၊ တိုက်ပွဲကြား အရပ်သားတွေသေဆုံးရမှု၊ ထိခိုက် ဒဏ်ရာရမှုတွေ ရှိလာနေသလို အပြန်အလှန် ဖမ်းဆီးမှုတွေရှိတာတွေကြောင့် ရခိုင်မှာ ပဋိပက္ခက ပိုပြီး ပြင်းထန်လာတော့မယ်လို့ ဘူးသီးတောင် ဇာတိလည်း ဖြစ်၊ ဦးရဲသိန်းနဲ့ ရင်းနှီးသူလည်းဖြစ်တဲ့ ရခိုင်တိုင်းရင်းသူ လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"ရခိုင်မြောက်ပိုင်းမှာ ဟိုဘက်က ဖမ်းတာတွေ။ ဒီဘက်က ဖမ်းတာတွေ။ ပြည်သူတွေ မြေစာပင်တွေဖြစ်ပြီး ဒုက္ခတွေရောက်နေပါတယ်။ နှစ်ဖက် ညှိနှိုင်း ဖို့လိုပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့အရမ်းအရေးကြီးပါတယ်။ တွေ့ဆုံတဲ့အခါမှာလည်း သူ့ဘက် ကိုယ့်ဘက် အတ္တတွေ မများဘဲနဲ့ တကယ်လိုအပ်နေတာကို လိုက်လျောဖို့လိုပါတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာမထိုင်ဘဲ ခုလိုပဲ တိုက်နေရင်တော့ ကြားက မြေစာပင် ပြည်သူတွေ ဒီထက်မက ဒုက္ခရောက်ကြဦးမှာပါ"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

အခုလို အပြန်အလှန် အာဃာတတွေကြီးပြီး ဆက်ဖြစ်နေရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံမှုလုံး၀မရှိတော့ဘဲ စစ်မီးက ပိုလောင်ဖို့ပဲရှိတယ်လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။

အေအေအနေနဲ့သူတို့ ပြည်နယ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တဲ့အခါ လက်လွတ်စပယ် လုပ်လို့မရဘဲ လူ့အခွင့်အရေးကို အခြေခံစဉ်းစားဆောင်ရွက်တာမျိုးဖြစ်စေချင်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အသံ အဖွဲ့ တည်ထောင်သူ မောင်ဆောင်းခကတော့ ယူဆပါတယ်။

တော်လှန်ရေးအဖွဲ့အနေနဲ့ ဖက်ဒရယ်မရဘူး၊ ဒီမိုကရေစီမရဘူးဆိုပြီးတိုက်ပွဲဝင်နေချိန် ကိုယ်တိုင်ကလည်း လူ့အခွင့်အရေး အခြေခံ စံသဘောတရား တွေကိုလိုက်နာရမယ်လို့သူက ဆိုပါတယ်။

အိုင်စီဂျေကိုထောက်ခံတာ၊ ကန့်ကွက်တာဟာ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပြီး ဒါကို ကန့်သတ်တာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ မောင်ဆောင်းခက ပြောပါတယ်။

"ဖမ်းဆီးတဲ့အခါ လက်လွတ်စပယ်ဖမ်းတယ်။ နောက်တော့ ကြက်ကလေးငှက်ကလေးသေသွားသလိုပဲ လွယ်လင့်တကူ တိုက်ပွဲဖြစ်တဲ့အတွက် သေသွားပါတယ်ဆိုပြီး ထုတ်ပြန်လိုက်တယ်။ အေအေက ဖမ်းပြီးရင် အဲဒီလူရဲ့အသက်အိုးအိမ်စည်းစိမ်ကိုတာဝန်ယူပေးရမယ်။ အစိုးရတပ်နဲ့တိုက်ပွဲဖြစ်လို့ လက်နက်ကြီးထိလို့ သေသွားရတယ်ဆိုတာ ကောင်းတဲ့အကြောင်းပြချက်လို့တော့မမြင်ဘူး" လို့မောင်ဆောင်းခက ပြောပါတယ်။

အဲဒီအပေါ်မှာ အေအေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ပြန်ဖြေရှင်းဖို့လိုအပ်ပြီး မဟုတ်ရင် အေအေ အပေါ် လူထုထောက်ခံမှုနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ယုံကြည်မှု ကျဆင်းနိုင်တယ်လို့ သူက ပြောပါတယ်။

တောတွင်းစစ်ဆင်ရေးမှာ ဓားစားခံကယ်တင်ရေးကို လုပ်လေ့လုပ်ထမရှိဘူးလို့ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးရာထူးနဲ့ အငြိမ်းစားယူခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဖမ်းခံထားရတဲ့အခြေအနေနဲ့ အဖမ်းခံထားရတဲ့ဒေသအနေအထားပေါ်မူတည်ပြီး ခုလို တောတွင်း စစ်ဆင်ရေးမှာတော့ အခြေအနေက ပိုခက်ခဲနိုင်တယ်လို့ သူက ဆိုပါတယ်။

"အဓိက အခြေခံမူကတော့ တက်နိုင်သမျှ ဓားစားခံတွေ အထိအခိုက်မရှိဘဲနဲ့ ကယ်ထုတ်နိုင်ဖို့ပေါ့။ ဒါပေမဲ့ တောတွင်း စစ်ဆင်ရေးမှာတော့ ဒီကိစ္စက အတော်ခက်ပါတယ်။ ခွဲခြားရတာ ခက်တာကိုး။ တောတွင်းစစ်ဆင်ရေးမှာတော့ အတိအကျတော့ မရှိဘူး။ မြို့ပေါ်မှာ အကြမ်းဖက်သမားတွေက ဓားစားခံဖမ်းထားတဲ့အခြေအနေမျိုးနဲ့ဆိုရင်သာ နှစ်ဖက်ဆွေးနွေးတဲ့အခါ ဘယ်လိုလုပ်ရမလဲ။ ကယ်ထုတ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲရှိတာ။ တောတွင်းစစ်ဆင်ရေးမှာတော့ အဲဒီလိုအသေးစိတ်မရှိဘူး။ အဓိကကတော့ တက်နိုင်သမျှ ဓားစားခံတွေအသေအပျောက်နည်းအောင်လုပ်ရမယ်ဆိုတဲ့ ဟာမျိုးပဲရှိပါတယ်" လို့ တပ်မတော်ဘက်က ဓားစားခံကယ်ဆယ်ရေးလုပ်ထုံးလုပ်နည်းနဲ့ပတ်သက်လို့ရှင်းပြပါတယ်။

တပ်မတော်နဲ့ အေအေတို့ ကြား တိုက်ပွဲတွေဖြစ်ပွားတာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး အရပ်သားသေဆုံးမှု တစ်ရာကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ရာနီးပါးရှိလာပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန် ထားပါတယ်။