ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကုလအဆိုကို မြန်မာအစိုးရ အပြင်းအထန် ကန့်ကွက်၊ တရုတ်မှာ ပြည့်တန်ဆာတွေကို အရေးယူတဲ့စနစ် ဖျက်သိမ်း အပါအဝင် ဒီဇင်ဘာ ၂၉ ရက်မနက်ခင်းထိပ်တန်းသတင်းများ

ဓာတ်ပုံ မူပိုင် K M Asad
Image caption ရိုဟင်ဂျာတွေဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတယ်လို့ ကုလက ပြောပါတယ်။

(၁) ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကုလအဆိုကို မြန်မာအစိုးရ အပြင်းအထန် ကန့်ကွက်

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ က ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို မြန်မာအစိုးရကိုယ်စားလှယ်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

ကုလဌာနချုပ်မှာ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပတဲ့ ၅၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ တတိယကော်မတီ အဲဒီအဆိုမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာအစိုးရကန့်ကွက်ပေမယ့်အဆိုကို မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုကို မဲမခွဲခင်မှာ မြန်မာအစိုးရ ရပ်တည်ချက်ကို ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရှုပ်ထွေးတဲ့ရခိုင်ကိစ္စကို လွဲမွားစွာ ပုံဖော်ထားပြီး ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် လက်တွေ့ကျ တဲ့နည်းလမ်းမဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပြည်သူတွေ ကြိုးစားဆောင်ရွက်နေတာကို အသိအမှတ်မပြုဘဲ မြေပြင်အခြေအနေတွေကို မသိကျိုးကျွံပြုထားတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ဒီအဆိုမူကြမ်းဟာ ဒေသတွင်း မတူညီတဲ့အသိုက်အဝန်းတွေကြား အနိုင့်အထက်ပြုမှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေဖို့ အားပေးအားမြှောက်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption ရိုဟင်ဂျာတွေက တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်အပါအဝင် အချက် ၃ ချက်တောင်းဆိုပြီး မြန်မာအစိုးရကတော့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအတိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသရဲ့ထိရှလွယ်တဲ့ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေကိုပါ ဆုတ်ယုတ်ပျက်ပြားစေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာကြား သဘောထားပိုမိုကွဲလွဲစေတဲ့အဆိုမူကြမ်းလို့လည်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ဒေသကအသိုက်အဝန်းတွေကြား ဆင်းရဲမှု၊ မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှု ကင်းမဲ့မှုနဲ့ အကြောက်တရားလွှမ်းမိုးမှုတွေကို ကုစားဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဒါပေမဲ့လည်း အဆိုကို ညီလာခံက မဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲများတဲ့အတွက် အဆိုအတည်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂစင်မြင့်မှာ မကြာခဏ ဆွေးနွေးမှုတွေရှိပြီး အဆိုတွေကိုမဲခွဲဆုံးဖြတ်အတည်ပြုတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီအဆိုတွေကို ကာယကံရှင်နိုင်ငံက လိုက်ပါအကောင်အထည်ဖော်ဖို့မဖော်ဖို့အတွက် ဥပဒေအရ သတ်မှတ်ချက်မရှိပေမယ့် နိုင်ငံရေးနဲ့ သံတမန်အရေးအရ သက်ဆိုင်ရာနိုင်ငံကို ဖိအားပေးတဲ့သဘောဖြစ်ပါတယ်။

လက်ရှိမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး တရားရုံးအဆုံးအဖြတ်ကို နှစ်ဖက် စောင့်နေရချိန်ဖြစ်ပါတယ်။

ဒါကြောင့်ဒီအဆိုဟာ တရားသူကြီးတွေထည့်သွင်းစဉ်းစားမယ့်အချက်တစ်ချက်ဖြစ်လာမှာကိုလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

(၂) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့ဆု ကချင်လူငယ်နှစ်ဦးရရှိ

ဓာတ်ပုံ မူပိုင် Seng Nu Pan
Image caption ပေါလုနဲ့ ဆိုင်းနူးပန်ဟာ ကချင်စစ်ရှောင်တွေအရေး သရုပ်ဖော်ပြဇာတ်တင်ဆက်လို့ ထောင်ချခံခဲ့ရပါတယ်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးတဲ့ လူငယ်နှစ်ဦးအဖြစ် ကချင်တိုင်းရင်းသား ကိုပေါလုနဲ့ ဆိုင်းနူးပန်တို့ကို ပဲန်မြန်မာအဖွဲ့က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ စစ်ရှောင်တွေစားဝတ်နေရေး၊ အသက်ရှင်နေထိုင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တားမြစ်ပိတ်ပင်မှုမရှိစေရေး၊ မူရင်းနေရပ်ကို လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်လည်နေထိုင်ရေးနဲ့ စစ်ပွဲတွေအဆုံးသတ်ရေး သရုပ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုတင်ဆက်ခဲ့လို့ အစိုးရက သူတို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ခဲ့ပြီး တရားရုံးက ထောင် ၁၅ ရက် ဒါမှမဟုတ် ဒဏ်ငွေ သုံးသောင်းဆောင်ဖို့အမိန့်ချခဲ့ပေမယ့် သူတို့ကတော့ ထောင်ဒဏ်ကိုပဲရွေးချယ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်နဲ့ ကေအိုင်အေတို့တိုက်ပွဲကြောင့် ကချင်စစ်ရှောင် တစ်သိန်းကျော်ရှိနေပါပြီ။

အဲဒီအမိန့်ချတဲ့တရားခွင်မှာပဲ ကိုပေါလုက တရားစီရင်ရေးစနစ်ပျက်ပြားနေတဲ့သဘောအဖြစ် ပျက်နေတဲ့ ချိန်ခွင်ကို တရားသူကြီးကို ပေးအပ်ခဲ့တဲ့အတွက် တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ ပုဒ်မနဲ့ ထောင် သုံးလ ထပ်မံချမှတ်ခံခဲ့ရပါတယ်။

ကချင်လူငယ်နှစ်ဦးဟာ စစ်ရှောင်တွေအရေး ခုလို သရုပ်ပြမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ရ မယ်ဆိုတာ သိရက်နဲ့ မိမိယုံကြည်ချက်ခိုင်မာမှုနဲ့ လွတ်လပ်စွာထုတ်ဖော်တင်ဆက်ခဲ့တဲ့အတွက် ပဲန်မြန်မာက သူတို့ကို ဂုဏ်ပြုရတာဖြစ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(၃) ဆိုမာလီ ဗုံးခွဲတိုက်ခိုက်ခံရမှု သမ္မတ ပြင်းထန်စွာရှုတ်ချ

ဓာတ်ပုံ မူပိုင် Press Eye
Image caption ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့မှာ လူတွေ ဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို သမ္မတ မိုဟာမက် အဒူလာဟီ ဖာမာဂျို က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ၇၀ ကျော်သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရတယ်လို့ အရေးပေါ် အသက် ကယ်ဝန်ထမ်းတွေက ပြောပါတယ်။

သမ္မတမိုဟာမက်ကတော့ ဒီလုပ်ရပ်ဟာ အစ္စလာမ္မစ်စစ်သွေးကြွ အယ်လ်ရှာဘတ်အဖွဲ့ရဲ့ လုပ်ရပ်လို့ စွပ်စွဲလိုက်ပြီး ဒါဟာ ဆိုမာလီလူထုကို စိတ်ဓာတ်ကျအောင် ရည်ရွယ်တာကို သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ လူအသွားအလာများတဲ့ မနက်ပိုင်းလို အချိန် မမျှော်လင့်ထားတဲ့အခိုက်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး လူတွေကို ထိတ်လန့်တုန်လှုပ်အောင်၊ အကြောက်တရားတွေစိမ့်ဝင်သွားအောင် ရည်ရွယ် တာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

ဆိုမာလီလူထုကို အခွင့်ရရင်ရသလို မတည်မငြိမ်ဖြစ်အောင် ဒီလို တိုက်ခိုက်မှုတွေကို လုပ်နေတာလို့လည်း သူက ဆက်ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆိုမာလီ နိုင်ငံ ပြည်တွင်းစစ် ကာလအတွင်းမှာ ဘလက်ဟော့ခ် ဘယ်လို ပစ်ချ ခံခဲ့ရသလဲ

ဒါပေမဲ့ ဆိုမာလီလူထုရဲ့ နိုင်ငံပြန်လည်ထူထောင်ရေးရည်မှန်းချက်ကိုတော့ မထိခိုက်ဘူးလို့ သမ္မတကပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖြစ်ခဲ့တဲအဲဒီ ပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘဲ သေဆုံးတဲ့အထဲမှာ တူရကီနိုင်ငံသား နှစ်ဦးပါတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

(၄) တရုတ်မှာ ပြည့်တန်ဆာတွေကို အရေးယူတဲ့စနစ် ဖျက်သိမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်မှာ ပြည့်တန်ဆာလုပ်ငန်းက အရင်က တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားတာဖြစ်

တရုတ်မှာ ပြည့်တန်ဆာတွေကိုအပြစ်ပေးအရေးယူတဲ့စနစ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် အရင်က ပြည့်တန်ဆာတွေကို ဖမ်းမိရင် သူတို့ရဲ့ ဖောက်သည်တွေကိုပါ ဖမ်းဆီးပြီး နှစ်နှစ်ကြာတဲ့အထိ ပညာပေးစခန်းတွေကို ပို့ဆောင်တဲ့ စနစ်လည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အဲဒီလိုပညာပေးစခန်းမှာ ထိန်းသိမ်းခံထားရစဉ် ဖမ်းဆီးခံရသူတွေရဲ့အဆိုအရ သူတို့ဟာ ကစားစရာအရုပ်တွေနဲ့ အိမ်သုံးအဆောင်ပစ္စည်းတွေကို ပြုလုပ်ဖို့ စေခိုင်းခံရတယ်လို့လည်း ပြောကြားထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့ Human Right Watch အဖွဲ့က ၂၀၁၃ မှာ ပြည့်တန်ဆာ ၊ ရဲ၊ ဖောက်သည်အပါအဝင် လူ ၁၄၀ နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာအရ တရုတ်မှာပြည့်တန်ဆာအများစုကို ရဲတွေက ရိုက်နှက်ပြီး ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ဝန်ခံခိုင်းတယ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည့်တန်ဆာတစ်ဦးဆိုရင် သူ့ကို ရဲက လက်မှတ်သာထိုးလိုက်ပါ အားလုံးအဆင်ပြေစေရမယ်၊ လေးငါးရက်ကြာရင်ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်ညာလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ပြောကြားကြောင်း အဲဒီအစီရင်ခံစာက ဆိုပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးပြီးတဲ့နောက် ပြန်လွတ်ရမယ့်အစား အချုပ်ကျခဲ့ပြီး ပညာပေးစခန်းမှာ ခြောက်လကြာနေခဲ့ရတယ်လို့ သူကဆိုပါတယ်။

အခုတော့ ဒီစနစ်ကိုဖျက်သိမ်းဖို့ လွှတ်တော်အမတ်တွေကို မဲပေးခဲ့တာဖြစ်ပါတယ်။

ဒီစနစ်ဖျက်သိမ်းမှုဟာ ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့မှာစတင်အသက်ဝင်မှာဖြစ်ပြီး ဒီအမှုတွေနဲ့ ဆက်စပ်ဖမ်းဆီးထား သူတွေ ပြန်လည်လွတ်မြောက် လာဖွယ်ရှိနေပါတယ်။

တရုတ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်ဖြစ်ပေမယ့် ဒီပြဿနာကို နေရာတိုင်းလိုလို တွေ့ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွေ ကျင်းပ

ဒီသတင်းနဲ့ပတ်သက်သမျှ