ပြည်တွင်းစစ်အောင်နိုင်တဲ့ မနောပွဲလုပ်ဖို့ အတိုင်ပင်ခံ တိုက်တွန်း အပါအဝင် မနက်ခင်းသတင်းများ

စစ်ပွဲကိုအောင်နိုင်မှသာ နိုင်ငံကတိုးတက်နိုင်ပြီး၊ ပြည်သူတွေလည်း ဖွံ့ဖြိုးနိုင်မှာလို့ သူကပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, ZAU RING HPRA

ဓာတ်ပုံ ပုံစာ,

စစ်ပွဲကိုအောင်နိုင်မှသာ နိုင်ငံကတိုးတက်နိုင်ပြီး၊ ပြည်သူတွေလည်း ဖွံ့ဖြိုးနိုင်မှာလို့ သူကပြောပါတယ်

ပြည်တွင်းစစ်အောင်နိုင်တဲ့ မနောပွဲကျင်းပပေးဖို့ ကြိုးစားရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ပြည်တွင်းစစ်ကိုအောင်နိုင်တဲ့ မနောပွဲကြီးကို ကျင်းပနိုင်ရေးကြိုးစားပေးပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁၀ရက်နေ့မှာကျရောက်တဲ့ ၇၂ကြိမ်မြောက် ကချင်ပြည်နယ် နေ့အခမ်းအနားကနေ တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့အခမ်းအနားကို ဇန်နဝါရီလ ၁၀ရက်၊ ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ မနောကွင်း အတွင်းမှာကျင်းပတာဖြစ်ပါတယ်။

ဆွတ်မနော၊ ဂျူမနော၊ အိမ်သစ်တက် မနော၊ ပဒန်းမနော အပါအဝင် မနော၅ မျိုး အထိရှိပါတယ်။ အဲဒီ ၅မျိုးထဲမှာမှ စစ်ကိုအောင်နိုင်ရေး အဓိပ္ပါယ်ဆောင်တဲ့ မနောပွဲကြီးကို အခုခေတ်ရဲ့လိုအပ်ချက်ကို အခြေခံပြီး ပြည်တွင်းစစ်အောင်နိုင်ရေးမနောပွဲကြီးအဖြစ်ကျင်းပနိုင်တဲ့ အခြေအနေကိုရောက်အောင် ကြိုးစားသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

စစ်ပွဲကိုအောင်နိုင်မှသာ နိုင်ငံကတိုးတက်နိုင်ပြီး၊ ပြည်သူတွေလည်း ဖွံ့ဖြိုးနိုင်မှာလို့ သူကပြောပါတယ်။ ဒါ့အပြင် မိတ်ဆွေသင်္ဂဟ အဓိပ္ပါယ်ရှိတဲ့မနောကိုလည်း ရန်ဘက်လိုဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမတွေ ပြန်ပြီး မိတ်ဆွေအဖြစ် ပြန်လက်တွဲနိုင်ဖို့ ကြိုးစားဖို့လည်း လိုတယ်လို ဆိုပါတယ်။

အဲဒါအပြင် မနောပွဲ ၅ မျိုးလုံးရဲ့အဓိပ္ပါယ်တွေနဲ့ လက်ရှိ တိုင်းရင်းသားရေးရာကိစ္စတွေကို နှိုင်းယှဉ်ပြော ဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးရရှိဖို့အတွက် စစ်ပွဲတွေရပ်ဖို့ရယ်၊ တိုင်းရင်သားတွေစည်းလုံးညီညွတ်ရေးအပြင်၊ ငြိမ်းချမ်းရေး ရအောင် ယူဖို့ လူကြီးတွေမှာ တာဝန်အပြည့်အဝရှိတဲ့ အနေအထားကိုလည်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပြည့်သူ့ဘဏ္ဍာ အသုံးပြုထားတဲ့ စီမံကိန်းအနည်းငယ်သာ ဖော်ပြထားတယ်

ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာ အကျဉ်းချုပ်သာ ကိုယ်စားလှယ်တွေကိုပေး

၂၀၁၇-၁၈ ခုနှစ် ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာရဲ့ အကျဉ်းချုပ်ကိုသာ လွှတ်တော်အမတ်တွေထံကို ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)၊ ကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်တွေတုန်းကတော့ အစီရင်ခံစာတွေရဲ့ အပြည့်အစုံကို လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးခဲ့ ပါတယ်။

စာရင်းစစ်ချုပ်က အစီရင်ခံစာကို လွှတ်တော်အတွင်းတင်သွင်းပြီဆိုတာနဲ့ အကျဉ်းချုပ်နဲ့အတူ အစီရင်ခံ အပြည့်အစုံကိုပါ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေလေ့ရှိပေမယ့် အခုတချိန် ၂၀၁၇-၁၈ အစီရင်ခံစာကိုတော့ အဲဒီလိုမဖြန့်ဝေဘဲ အကျဉ်းချုပ်အတွင်းမှာပါတဲ့အကြောင်းအရာတွေကိုသာ သိရတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အစီရင်ခံစာ အကျဉ်းချုပ်အရ ဝန်ကြီးများရုံးငှားရမ်းခ သန်း ၂ ထောင်နစ်နာနေမှု၊ ကျူးကျော်များအတွက် အိမ်ရာဆောက်ပေးဖို့ ခွင့်ပြုငွေကို ရန်ကုန်အစိုးရကပါဝင်တည်ထောင်ထားတဲ့ ရန်ကုန်မထရိုပိုလီတမ် ကုမ္ပဏီအတွင်းခေါင်းစဉ်ပေါင်းသုံးစွဲပြီး အမြတ်ရရှိခြင်းမရှိတာ၊ ရန်ကုန်ဘတ်စ်ကားကုမ္ပဏီတွေဖြစ်တဲ့ YUPT နဲ့ UBPC ၂ ခုပေါင်း သန်း ၃၈၀၀ လောက်အရှုံးပေါ်နေတဲ့ ကိစ္စတွေအပါအဝင် ပြည့်သူ့ဘဏ္ဍာ အသုံးပြုထားတဲ့ စီမံကိန်းအနည်းငယ်သာ ဖော်ပြထားတယ်လို့ သူကပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ်တော်အမတ်တွေထံမပေးဘဲ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌထံကိုသာ ပေးရမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာရှိတယ်လို့ ရန်ကုန် စောင့်ကြည့်ရေးအဖွဲ့နဲ့ လွှတ်တော်အမတ်အချို့ထံက သိရပါတယ်။

အဲဒီစာရင်းစစ်ချုပ်အစီရင်ခံစာ အပြည့်အစုံစာအုပ်တွေက ၂၀၁၉ခုနှစ် ဇူလိုင်လ၊ ကိုးကြိမ်မြောက် အစည်း အဝေးလုပ်စဉ်ကတည်းက ရန်ကုန်လွှတ်တော်မှာရောက်ရှိနေပြီး ကိုယ်စားလှယ်တွေကို အဲဒီအချိန် ကတည်းက မပေးခဲ့ဘဲ၊ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၈ရက်လွှတ်တော်ကျင်းပတဲ့အချိန်မှသာ အစီရင်ခံစာ အကျဉ်း ချုပ်ကို ကိုယ်စားလှယ်တွေထံ ဖြန့်ဝေပေးခဲ့တာလို့ ဦးကျော်ဇေယျက ပြောပါတယ်။

အစီရင်ခံစာ အပြည့်အစုံကို လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေထံဖြန့်ဝေဖို့ အစီအစဉ်ရှိမရှိနဲ့ ပက်သက် ပြီးရန်ကုန်လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမယ့် အဲဒါတွေကို လုပ်နေတယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အီရန်က တစုံတရာမှားယွားမှုကြောင့် ပစ်ချခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူကယုံကြည်ထား

အီရန်က လေယာဉ်ကို ဒုံးကျည်နဲ့ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးယုံကြည်

အထောက်အထားတွေအရ အီရန်က လေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ယုံကြည်တယ်လို့ ဆိုလိုက်ပါတယ်။

အီရန်က တစုံတရာမှားယွင်းမှုကြောင့် ပစ်ချခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူကယုံကြည်ထားကြောင်း လည်း ပြောပါတယ်။

ကနေဒါနဲ့ ဗြိတိန်ခေါင်းဆောင်တွေကတော့ လူပေါင်း ၁၇၃ယောက်သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုကို ချွင်းချက်မရှိစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုကြပါတယ်။

အီရန်ကသူရဲ့ လေကြောင်းလုံခြုံရေးအကြောင်းပြချက်နဲ့ ဒုံးကျည်တွေကို နမော်နမဲ့ပစ်လွှတ်ခဲ့တယ်လို့ လည်းစွပ်စွဲထားပါတယ်။

အီရန်ဘက်က အမေရိကန်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး နာရီပိုင်းအကြာမှာပဲ လေယာဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံတကာ လေကြောင်းလိုင်းက ဘိုးအင်း 737-800 လေယာဉ်ဟာ ဒုံးကျည်ထိမှန်ခဲ့တာလို့ ယူဆရတယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း CBS သတင်းဌာနက ပြောပါတယ်။

အမေရိကန်ဘက်ကသတင်းတွေကို CBS က ကိုးကားပြောရာမှာ ဒုံးကျည်နှစ်ခု ပစ်လိုက်တဲ့ အနီအောက်ရောင်ခြည် ပုံရိပ် အစက်အပျောက်ကို ဂြိုဟ်တုကနေ တွေ့ရှိခဲ့တယ်၊ အဲဒီနောက်မှာ ပေါက်ကွဲမှုပုံရိပ် အစက်အပျောက်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ,

အီရတ်ထဲက အမေရိကန် လေတပ် အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ အီရန်က ပစ်ခတ်ခဲ့

ပထမပိုင်းမှာ ဒီလေယာဉ်ဟာ ဒုံးကျည်နဲ့ ပစ်ချခံရတာလို့ ယူကရိန်းက ပြောပေမဲ့ အီရန်က ဒါကို ငြင်းထားပါတယ်။

Newsweek မဂ္ဂဇင်း ကတော့ အမေရိကန် ပန်တဂွန် စစ်ဌာနချုပ်နဲ့ အမေရိကန် အကြီးတန်း ထောက်လှမ်းရေး တာဝန်ရှိသူတွေကို ကိုးကားပြီး ဒီယူကရိန်းလေယာဉ်ဟာ ရှရှားလုပ် ဒုံးကျည်နဲ့ ပစ်ချခံရတာလို့ အီရတ် အစိုးရဘက်က ယူဆတယ်ဆိုပြီး ပြောပါတယ်။