၁၁ နှစ်အကြာ ပြန်စဖို့ပြင်လာတဲ့ ထားဝယ် စီမံကိန်း

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဓာတ်ပုံ မူပိုင် Getty Images
Image caption ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း

လွန်ခဲ့တဲ့ ၁၁နှစ်လောက်က လက်မှက်ရေးထိုးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မစနိုင်ခဲ့တဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ပြန်စတော့မယ် အရိပ်အရောင်တွေ တွေ့လာရပါပြီ။

စီမံကိန်း ကနဦးအဆင့်ကို အကောင်ထည်ဖော်မယ့် အီတာလျံထိုင်းနဲ့ မြန်မာအစိုးရတို့ကြားမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ညှိနိုင်းခဲ့တဲ့ ကနဦး စက်မှုဇုန်နယ်မြေစီမံကိန်း အကောင်ထည်ဖော်ရေးအတွက် စာချုပ်ပြင်ဆင်ချုပ် ဆိုမှုဟာ နှစ်ဖက် သဘောတူညီမှု ရသွားပြီဖြစ်တယ် လို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းနိုင်က ဘီဘီစီကို ပြောပါတယ် ။

ဒါ့အပြင် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်တွေ ပြင်ဆင်ပြီးပြီဖြစ်လို့ ထားဝယ်အထူး စီးပွားရေးစီမံကိန်း မကြာခင် ပြန်လည်စတင် နိုင်တော့မယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

အီတာလျံ-ထိုင်း ကုမ္ပဏီက စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနဲ့ တိကျသေချာတဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်တွေကို တာဝန်ယူ ဆောင်ရွက်မယ်ဆိုတဲ့ အထောက်အထားတွေ ရရှိပြီးတာနဲ့ စီမံကိန်း စတင်အကောင်အထည်ဖော်နိုင်ကြောင်းစာကို ကုမ္ပဏီထံ ပေးပို့သွားမယ်လို့လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဆိုပါတယ်။

အခုစာချုပ်ပြင်ဆင်သတ်မှတ်ရာမှာ မြန်မာအစိုးရအတွက်ငွေကြေး အကျိုးအမြတ် မလျော့နည်းအောင် ဆောင်ရွက်ခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၅ ခုနှစ် နဘူးလယ်ကျေးရွှာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ကနဦးစက်မှု ဇုန်နယ်မြေစီမံကိန်းမှာ ပထမ အဆင့်စီမံကိန်း ရှစ်ခုအကောင် အထည်ဖော်ရေးဖြစ်တယ်လို့ဒေါက်တာတင်ထွန်းနိုင်က ပြောပါတယ်။

"ဒီစီမံကိန်းဟာ ဒေသရဲ့ စီးပွားရေးအတွက် အရမ်းကို မျှော်လင့်ခဲ့ရတဲ့ စီမံကိန်းပါ။ အခုလိုကြန့်ကြာခဲ့တဲ့ အတွက် အဓိက ထိခိုက်တာကတော့ ဒေသခံတွေပါ။ ဒါကြောင့် ဒေသဖွံဖြိုးမှုကို အထောက်အကူ ပြုနိုင်အောင် ကြိုးစားဆောင်ရွက်နေတာပါ" လို့ သူက ပြောပါတယ်။

စီမံကိန်းအတွက် ပြင်ဆင်ထားတဲ့ စာချုပ်တွေမှာ စက်မှုဇုန် ကနဦး စီမံကိန်းတွေ ပါဝင်ပြီး မကြာမီ သဘာဝ ဓာတ်ငွေ့ရည် ဆိပ်ကမ်းစီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆိပ်ကမ်းငယ် စီမံကိန်းတွေ ပါဝင်တယ်လို့လည်း ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အီတာလျံ-ထိုင်းကုမ္ပဏီက ကနဦးစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ကာလအတွင်းမှာလည်း အထူးစီးပွားရေးဇုန်အတွင်း တခြားစီမံကိန်းတွေကို သီးခြား ဆွေးနွေးမှုတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတင်ထွန်းနိုင်က ဆိုပါတယ်။

"အဲဒါတွေက အီတာလျံ - ထိုင်းနဲ့ မဆိုင်တော့ပါဘူး။ တခြားနိုင်ငံ တွေနဲ့ အကောင်ထည်ဖော်ဖို့ ဖြစ်ပါတယ်။တရုတ်တို့ ဂျပန်တို့ ကိုရီးယားတို့လည်း ညှိနှိုင်းနေပါတယ်" လို့ ဒေါက်တာတင်ထွန်းနိုင်က ပြောပါတယ်။

အခုလို အီတာလျံ-ထိုင်းကုမ္ပဏီ နဲ့စာချုပ်ပြင်ချုပ်နိုင်တာဟာ အောင်မြင်မှု အပိုင်းတစ်ပိုင်းဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အခု အီတာလျံ-ထိုင်းနဲ့ ပြင်ဆင်လိုက်တဲ့ စာချုပ်တွေအရ ဒေသခံတွေဟာ မြေတစ်ဧက ကို ဘယ်လောက် လျော်ကြေးရနိုင်မလဲ ဆိုတာကိုတော့ ဒေသခံအစိုးရ၊ဒေသခံအရပ်ဘက်အဖွဲ့အစည်း၊ ထိခိုက်မှု ရှိခဲ့တဲ့ ဒေသခံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးမှ ကော်မတီက သတ်မှတ်ပေးသွားဖို့ရှိတယ်လို့လည်း ဒေါက်တာတင်ထွန်းနိုင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၅ ခုနှစ်မှာတော့ ဧက ၆၆၀၀ သာပေးဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး မြေဧရိယာ တစ်ခုလုံးကို အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ပေမယ့် လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိတာကြောင့် ကုမ္ပဏီနဲ့ မြန်မာအစိုးရကြား ညှိနှိုင်းပြီး ၂၀၁၅ ခုနှစ်မှာတော့ ဧက ၆၆၀၀ ခန့်သာပေးဖို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့တာပါ။

အရင်ကတော့ ဧက ၅ သောင်းနီးပါး ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး အခက်အခဲ ကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ဇူလိုင်မှာ စီမံကိန်း ပြန်လည်စတင်ဖို့ မြန်မာ - ထိုင်း - ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေးပြီး ဂျပန်အစိုးရက စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ချေးဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

" အီတာလျံ-ထိုင်း ပြုပြင်လုပ်ထားတာတွေ အတွက် အစိုးရက ပြန်မလျော်နိုင်တော့ သူ့ကို ကနဦးစီမံကိန်းအတွက် ကန်ထရိုက်တာ ပြန်ပေးလိုက်တာ၊ မြန်မာနဲ့ ထိုင်းအစိုးရက အကောင်ထည်ဖော်သူ developer ဖြစ်လာတယ်" လို့ ထားဝယ်အထူးစီးပွားရေးစက်မှုဇုန်အကြောင်း သုတေသနပြုနေ သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နိုင်ဖို့ ထိုင်းနယ်စပ်ကနေ အထူးစီးပွားရေးဇုန်ကို သွားတဲ့ နှစ်လမ်းသွားလမ်းမကို ချေးငွေထုတ်ချေးဖို့ ထိုင်းအစိုးရက သဘောတူခဲ့ပြီး ဖြစ်ပါတယ်။

စာချုပ်ကို ၂၀၂၀ အစောပိုင်းကာလမှာ လက်မှတ်ရေးထိုးဖို့ ပြင်နေပါတယ်။ အဲဒါပြီးရင် ကျန်တဲ့ စီမံကိန်းတွေ ကို အကောင်အထည်ဖော်တဲ့ အဆင့်ကို ရောက်သွားမှာပါလို့လည်း ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် အချက်အလက်များ

၂၀၀၈

ထားဝယ်အထူးစီးပွားရေးဇုန်ကို တည်ထောင်ဖို့ ထိုင်းနဲ့ မြန်မာအစိုးရတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့၊မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ - ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီဟာ စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုလုပ်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့။

၂၀၁၀ နိုဝင်ဘာ ၂ ရက်

အီတာလျံ - ထိုင်းနဲ့ မြန်မာအစိုးရအကြား သဘောတူညီချက် လက်မှတ်ရေးထိုး။ အီတာလျံ - ထိုင်း ဟာ စီမံကိန်းအတွက် နှစ် ၆၀ လုပ်ပိုင်ခွင့်ရရှိထား၊ သဘောတူညီချက်အရ စီမံကိန်းကို အဆင့် (၃) ဆင့်နဲ့ တည်ဆောက်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်အပြီးသတ်ဖို့ ရည်ရွယ်ခဲ့။

၂၀၁၀ နိုဝင်ဘာ

ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးသော အထွေထွေရွေးကောက်ပွဲကို စစ်အစိုးရက ပြုလုပ်ခဲ့ ၊စစ်တပ်နောက်ခံပြု အစိုးရ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေစတင် ၊ နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ။

၂၀၁၁

အဆိုပြုထားတဲ့ မဂ္ဂါဝပ်၄၀၀၀ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထားဝယ်နဲ့ ထိုင်းနိုင်ငံရှိ ဒေသခံ လူထုအခြေပြုအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ခဲ့။

၂၀၁၂ ဇန်နဝါရီလ

ထားဝယ်အထူးစီးပွားရေးဇုန် မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဆိုးကျိုးသက်ရောက်မှုတွေကြောင့် ခွင့်ပြုမှာမဟုတ်ကြောင်း မြန်မာအစိုးရက ကြေညာခဲ့။

၂၀၁၂

စီမံကိန်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ Max Myanmar က စီမံကိန်းနှင့် ပတ်သက်လို့ သံသယရှိတာကြောင့် စီမံကိန်းက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့။

၂၀၁၃ ဇန်နဝါရီလ

ဂျပန်အစိုးရက စီမံကိန်းမှာ ပါ၀င်ဖို့ စိတ်ဝင်စားကြောင်း တရားဝင်ကြေငြာခဲ့။

၂၀၁၃

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတခုက ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဂျပန်အစိုးရကို တိုင်ကြားစာ ပေးပို့ပြီး သတင်းအချက်အလက် မရှိခြင်း၊ ကြိုတင်တိုင်ပင်ခြင်း မရှိခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်မှုဖော်ပြခဲ့။

၂၀၁၃ ဒီဇင်ဘာ

စီမံကိန်းကို ဆိုင်းငံ့ထားပြီး ယခင် လုပ်ပိုင်ခွင့်ကုမ္ပဏီ ITD ကို အစိုးရမှ ဖျက်သိမ်း။

ထိုင်း - မြန်မာ နှစ်နိုင်ငံ ပူးတွဲစီမံကိန်း အနေနဲ့ စီမံကိန်းကို ပြန်လည်စတင်ဖို့ဆုံးဖြတ်ခဲ့၊စီမံကိန်းကို ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရနှစ်ခုက Special Purpose Vehicle (SPV) အမည်ရှိ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ ။ ITD ကိုလျော်ကြေးပေးဖို့ ကုမ္ပဏီက နိုင်ငံတကာကုမ္ပဏီ ၃ ခုကို ငှားရမ်းခဲ့။

၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့။

၂၀၁၆

ထားဝယ်အထူးစီးပွားရေးဇုန် developer တွေရဲ့ အမှားအယွင်းတွေအကြောင်း လူထုအခြေပြု အဖွဲ့အစည်းတစ်ခုကအစီရင်ခံစာတင်ခဲ။

၂၀၁၇

မြန်မာနဲ့ ထိုင်းအစိုးရ တို့က စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးပမ်းခဲ့ပြီး ပြန်လည်စတင်ဖို့ ဖြစ်နိုင်ခြေတွေကို ရှာဖွေခဲ့။ အဆိုပြုချက် အသစ်အတွက် ဂျပန်၊ မြန်မာနဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်း လုပ်ကိုင်ခဲ့။

၂၀၁၈

ထားဝယ်ကနေ ထိုင်းနယ်စပ်အထိ အဝေးပြေးလမ်း ဖောက်လုပ်ဖို့ မြန်မာနဲ့ထိုင်းအစိုးရတို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့။ မြန်မာနဲ့ ထိုင်းနိုင်ငံတို့အကြား အဓိကလမ်းကြောင်းဖြစ် လာဖို့ရှိ။

၂၀၁၉သြဂုတ်

ထား၀ယ်မှာ အကြီးစားစက်မှုလုပ်ငန်းတွေ မဆောက်ဖို့ ဂျပန်အစိုးရက အကြံပြု။

၂၀၂၀ ဇန်နဝါရီ

ထားဝယ်အထူး စီးပွားရေးစီမံကိန်း မကြာခင် ပြန်လည်စတင် နိုင်တော့မယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်။

ထားဝယ်အထူးစီးပွားရေးဇုန် အချက်လက်များ ကိုသူရိန်လှိုင် (Dawei watch )မှကူညီပါသည်။

ဆက်စပ် အကြောင်းအရာများ