ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဘာပြောသွားလဲ

ဒေါ်အောင်ဆန်းစုကြည်
Image caption ကယားပြည်နယ်နေ့ အခမ်းနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

လွိုင်ကော်မှာ ကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခဲ့တဲ့ ကယားလူငယ်တွေနဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ကယားလူငယ်တွေဘက်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အပါအဝင် အချက် ၃ ချက်ကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကရင်နီလူငယ်အင်အားစုက ခွန်သောမတ်ကပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းပေးရေး တောင်းဆိုခဲ့ကြတဲ့ ကရင်နီလူငယ်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ပြည်နယ်အစိုးရ ဝန်ကြီးတွေ ၊ ပြည်ထောင်စု အစိုးရဘက်က ဝန်ကြီးတွေကို တာဝန်ပေးမယ်လို့ ဒေါ်အော င်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် အပါအဝင် တပ်သိမ်းမြေကိစ္စနဲ့ တရားစွဲအဖမ်းခံထားရတဲ့ ကယားတောင်သူတွေကိစ္စ၊ ကယားလူငယ် အရေးကိစ္စတွေကို ဆွေးနွေခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူတွေက ပြော ပါတယ် ။

ဓာတ်ပုံ မူပိုင် PKPF
Image caption တပ်သိမ်းမြေ ကိစ္စ နဲ့ တရားစွဲ ခံထားရတဲ့ တောင်သူ ၄၀ ရှိ ပြီး ၁၂ ဦးအဖမ်းခံရ

တပ်သိမ်းမြေကိစ္စ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူ ကရင်နီလူငယ် ၇ ဦးက ဒီကိစ္စကို အရင်ဆုံးတင်ပြကြပါတယ်။

ကယားပြည်နယ်မှာ တပ်သိမ်းမြေ ကိစ္စ နဲ့ တရားစွဲခံရတဲ့ တောင်သူ ၄၀ ခန့် ရှိ ပြီးတော့ အဲဒီအထဲက ၁၄ ဦးက ထောင်ကျနေပါတယ် ။

ဒီကိစ္စ ကယားလူငယ်တွေ တင်ပြတာကို ဒေါ်အောင်ဆန်းစုကြည်က သေချာနားထောင်ခဲ့တယ်လို့ လူငယ်တွေဘက်က ပြောပါတယ်။ နေပြည်တော် ပြန်ရောက်တာနဲ့ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီး အမှုသွား အမှုလာကို ကြည့်ကာ သူတို့ဘက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ ခွန်သောမတ်က ပြောပါတယ်။

ဒီအခြေအနေကို ဖြေရှင်းဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာအောင်သူကို တာဝန်ပေးပြီး တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ကပြောကြားခဲ့ကြောင်း လည်းသူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် KNGY
Image caption ကယားပြည်နယ်ခန်းမအနီး ကန္ဒာဟေဝန်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ

ဒီကိစ္စဟာ ကယားပြည်နယ်မှာ ကန့်ကွက်မှုတွေရှိခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံတဲ့လူငယ် တွေထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ဆက်စပ်ပြီး ထောင်ကျခဲ့သူတွေလည်း ပါဝင်ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ကန္ဒာဟေဝန်ပန်းခြံမှာထား ဖို့ ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတချို့နဲ့ ပြည်နယ်အစိုးရတို့အကြား တင်းမာမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို အမျိုးသား သစ္စာဖောက်လို့ ကြေညာချက် ထုတ်ပြန်တဲ့ လူငယ် ၆ ဦး တရားစွဲခံရပြီး ထောင်ကျခဲ့ပါတယ် ။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် ထားရှိရေးကို ကန့်ကွက်သူတွေရှိပေမယ့် အစိုးရကတော့ ဆွေးနွေးမှုတွေ ရပ်ထားခဲ့ပါတယ် ။

ဒီကိစ္စဟာ သူ့မိသားစု ဝင်ကိစ္စဖြစ်လို့ သူ့အနေနဲ့ အရင်ကလည်း မကိုင်တွယ်ခဲ့သလို နောင်ကို လည်း ကိုင်တွယ်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပြီး ဒီကိစ္စကို ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ ပြည်နယ်ဝန်ကြီးတွေရယ်၊ လူငယ်တွေရယ် သုံးပွင့်ဆိုင်တွေ့ဆုံရေးလမ်းကြောင်းတစ်ခုကို ဖန်တီးပြီးတော့ ဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တယ်လို့ ခွန်သောမတ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PKPF
Image caption ဒီတွေ့ဆုံဆွေးနွေးမှုဟာ မိနစ်ပိုင်းလောက်သာ ကြာမြင်ခဲ့

ကယားလူငယ်ရေးရာကိစ္စ

လူငယ်တွေ နောက်ထပ် ပြောတာကတော့ ကယားပြည်နယ်က လူငယ်ဖိုရမ်မှာ သဘောတူထားတဲ့ အချက်တွေကို အကောင်ထည်ဖော်ပေးဖို့ ဖြစ်ပါတယ် ။

အဲဒီထဲမှာ လူငယ်စင်တာတွေ ကယားပြည်နယ်မှာ လုပ်ဖို့ ၊ လူငယ်တွေကို ပြည်နယ်အစိုးရက ထောက်ပံ့ဖို့၊ ကယားပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၈၈ ကို ရုပ်သိမ်းပေးဖို့ စတဲ့ အချက်တွေ ပါပါ တယ် ။

ဒီကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျ ပြောသွားတာမျိုးမရှိပါဘူး။

သူအနေနဲ့ ကူညီနိုင်သလောက် ကူညီမယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေအလိုက် ပြန်တိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်လို့လည်း ပြောသွားခဲ့ပါတယ်လို့ ခွန်သောမတ်က ပြောပါတယ် ။

ကရင်နီလူငယ်တွေကတော့ ဒီထက်ပိုမို ပြည့်စုံတဲ့ ဖြေရှင်းမှုကို မျှော်လင့်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောတာကို သိပ်အားမရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ မိနစ်ပိုင်းလောက်သာ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့တာကြောင့် လက်ရှိအနေနဲ့ မြေပြင်အနေအထားကို သေသေချာချာ အပြန်အလှန် ဆွေးနွေးခွင့်မရှိခဲ့ဘူးလို့လည်း တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။

တပ်သိမ်းမြေကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် တင်ပြချက်ကို အားရပေမယ့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကတော့ ဆွေးနွေးဖို့ ရက်အတိအကျ မသတ်မှတ်နိုင်တဲ့အတွက် အားရမှု မရှိဘူးလို့လည်း လူငယ်တွေဘက်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ