ICJ ဆုံးဖြတ်ချက် ၂၃ ရက်နေ့ ညနေမှာ တရားဝင် ကြေညာမယ့်အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် KOEN VAN WEEL/ANP/AFP via Getty Images
Image caption ကြားနာမှု ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့ပါတယ်

(၁) ICJ ဆုံးဖြတ်ချက် ၂၃ ရက်နေ့ ညနေမှာ တရားဝင် ကြေညာမယ်

နိုင်ငံတကာတရားရုံး ICJ မှာ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုကို ဇန်နဝါရီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲလောက်မှာ ဆုံးဖြတ်ချက် ကြေညာဖို့ ရှိတယ်လို့ နယ်သလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် ICJ က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ တရားစွဲဆိုထားပြီး ကြားဖြတ်အစီအမံတွေ ချမှတ်ဖို့တောင်းဆိုချက်ကို ICJ မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၂ ရက်ကြာ ကြားနာခဲ့ပါတယ်။

ကြားနာမှု လျှောက်လဲချက် ပေးရာမှာ မြန်မာဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။

ICJ က ဆုံးဖြတ်ချက် ကြေညာမယ့် နေ့မှာတော့ မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်ထားပြီး ဥပဒေပိုင်းဆိုင်ရာ လိုအပ်တဲ့ အစီအမံတွေလည်း ဆောင်ရွက်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကို ပြောထားပါတယ်။

(၂) သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ထိုးပြီး အထက်လွှတ်တော်ကိုပို့

ဓာတ်ပုံ မူပိုင် BRENDAN SMIALOWSKI/AFP via Getty Images
Image caption အောက်လွှတ်တော် ကြားနာပွဲ တစ်ခုမှာ တွေ့ရတဲ့ သမ္မတထရမ့်

အမေရိကန်သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်မှုတွေလုပ်ဖို့ ရေးထားတဲ့စာကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက လက်မှတ်ထိုးပြီး သမ္မတကို ခေါ်ယူစစ်ဆေးဖို့အတွက် အထက်လွှတ်တော်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။

အာဏာအလွဲသုံးစား လုပ်မှုနဲ့ အမေရိကန် လွှတ်တော် ၂ ရပ်ကို နှောင့်ယှက်တယ်ဆိုပြီး သမ္မတထရမ့်ကို စွပ်စွဲထားတာပါ။

ရရှိထားတဲ့ အထောက်အထားတွေက ထင်ရှားလွန်းတဲ့အတွက် မစ္စတာ ထရမ့်တာဝန်ယူရမယ်လို့လည်း မစ္စ် ပလိုစီက ပြောခဲ့ပါတယ်။

အမှုကို အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးတဲ့အခါမှာတော့ အောက်လွှတ်တော်ကိုယ်စား တရားလိုအဖြစ် ဆောင်ရွက်ပေးမယ့်သူ ၇ ဦးကိုလည်း အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ဇန်နဝါရီ ၁၅ ရက်နေ့က ရွေးချယ်ပြီး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ကြားနာမှုကိုတော့ လာမယ့်သီတင်းပတ်ထဲ စတင်ဖို့ ရှိနေပါတယ်။

(၃) ဖွဲ့စည်းပုံပြင်ရေး သမ္မတပူတင် အဆိုပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ပူတင်ဟာ သမ္မတအဖြစ် ၄ ကြိမ်မြောက် အရွေးခံထားရ

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုအစီအစဉ်ကို တိုင်းပြည်ရဲ့ ဥပဒေပြုအဖွဲ့တွေကို ချပြအပြီးမှာ ရုရှားအစိုးရဟာ လက်ရှိ အုပ်ချုပ်မှု အနေအထားတွေကနေ နုတ်ထွက်လိုက်ပါတယ်။

သမ္မတ ပူတင်ရဲ့ အဆိုပြုအစီအစဉ်ကိုသာ လူထုက ထောက်ခံမှုပြုမယ်ဆိုရင်တော့ အုပ်ချုပ်မှုအာဏာဟာ သမ္မတကနေ လွှတ်တော်ကို ရောက်သွားမှာဖြစ်ပါတယ်။

မစ္စတာ ပူတင်ဟာ သမ္မတအဖြစ် ၄ ကြိမ်မြောက် အရွေးခံထားရတာဖြစ်ပြီး အခုသက်တမ်းက လာမယ့် ၂၀၂၄ မှာ ကုန်ဆုံးမှာပါ။

လွှတ်တော်ကနေ အုပ်ချုပ်မှုအာဏာ တိုက်ရိုက်ကိုင်တွယ်နိုင်မယ့် ဒီအဆိုပြုချက်ဟာ အာဏာကို နောက်ကွယ်ကနေ ဆက်လက်ရယူဖို့ သမ္မတပူတင်ရဲ့ ကြိုးစားမှု ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

(၄) ဇနီးဖြစ်သူ ကလေးမွေးဖို့ရှိနေလို့ ဂျပန်ဝန်ကြီး ခွင့် ၂ ပတ်ယူ

ဓာတ်ပုံ မူပိုင် AFP
Image caption ဇနီးဖြစ်သူနဲ့ အတူတွေ့ရတဲ့ ဂျပန်ဝန်ကြီး ကိုအီဇုမိ

ဂျပန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ရှင်ဂျီယိုကိုအီဇုမိဟာ ဇနီးဖြစ်သူက ကလေးမွေးဖို့ ရှိနေလို့ မီးနေစောင့်ခွင့် ၂ ပတ်ယူဖို့ စီစဉ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဒါဟာ ဂျပန်အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးအနေနဲ့ မီးနေစောင့်ခွင့် ပထမဆုံး ယူလိုက်တာလည်း ဖြစ်ပါတယ်။

မစ္စတာ ကိုအီဇုမိ ကတော့ သူ့ကလေးရဲ့ ပထမဆုံး ၂ ပတ်အတွင်းမှာ အတူရှိနေဖို့ ခွင့်ယူရတာပါလို့ ပြောပါတယ်။

ကလေးကို အခုလကုန်ပိုင်းမှာ မွေးဖွားဖို့ ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ ကလေးမီးဖွားခွင့်အဖြစ် မိခင်၊ ဖခင် ၂ ဦးစလုံးက အလုပ်ကနေ ၁ နှစ်ကြာတဲ့အထိ တရားဝင်နားပြီး ပြုစုစောင့်ရှောက်ခွင့်ရတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အမျိုးသား ၆ % ကပဲ အဲဒီခွင့်ရက် ခံစားခွင့်ကို ယူပြီး အမျိုးသမီးတွေကတော့ ၈၂ % အထိ ခွင့်ယူကြတယ်လို့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။