တရုတ်သမ္မတခရီး မြန်မာ-တရုတ် ဆက်ဆံရေး အဆင့်မြှင့်တာလား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ မှာ တရုတ်နိုင်ငံ ဘေကျင်းမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ် ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အတိုက်အခံပါတီခေါင်းဆောင်အဖြစ်ရှိစဉ်ကလည်း ဘေဂျင်းမှာ ခေါ်တွေ့ခဲ့ဖူး

၁၈ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ပါတယ်။

သူလာရောက်ချိန်ဟာ လက်ရှိ မြန်မာအစိုးရရဲ့ သက်တမ်းကုန်ဆုံးမဲ့နှစ်လည်းဖြစ် မြန်မာရွေးကောက်ပွဲ ကျင်းပမဲ့နှစ်လည်းဖြစ်လို့ တရုတ်သမ္မတ လာရောက် လည်ပတ်တဲ့အပေါ် စိတ်ဝင်စားမှု မြင့်တက်ခဲ့ကြပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးအဆင့်မြှင့်တာလား

တရုတ်နိုင်ငံ သမ္မတ မြန်မာနိုင်ငံကို အခုလို ချစ်ကြည်ရေးခရီး လာရောက်တာဟာ တရုတ်အစိုးရနဲ့လက်ရှိမြန်မာအစိုးရတို့အကြား ဆက်ဆံရေးဟာ နောက်တစ်ဆင့်တက်သွားပြီလို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

"တရုတ်အစိုးရက ဘယ်နိုင်ငံနဲ့ပဲ ဆက်ဆံဆက်ဆံ အဆင့်သတ်မှတ်ချက်တွေထားတယ်။ NLD အစိုးရ နဲ့ပထမ ဆက်ဆံရေးက bilateral အဆင့်ပဲရှိတယ်။ တရုတ်သမ္မတ လာပြီဆိုတော့ Strategic Partnership သေနင်္ဂဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုအဆင့်ကိုတက်သွားပြီလို့ပြောနိုင်တယ်" လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ တရုတ်အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေး ကောင်းမွန်တာတွေရှိသလို ဆိုးရွားခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီခေတ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။

ဒါပေမဲ့ အိမ်စောင့်အစိုးရလက်ထက် ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ အဓိကရုဏ်းကြောင့် တရုတ်-မြန်မာ အစိုးရဆက်ဆံရေး ထိခိုက်ခဲ့ပြီး တရုတ်အစိုးရက မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို အကူအညီတွေ ပေးခဲ့တဲ့အတွက် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ပါတယ်။ အဲဒီမီးပွားဟာ အခုချိန်ထိ မငြိမ်းနိုင်သေးပါဘူး။

တရုတ်-မြန်မာ ကုန်သွယ်စီးပွားဘယ်လို အရှိန်မြင့်ခဲ့လဲ

၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာတော့ တရုတ်အစိုးရနဲ့ တပ်မတော်အစိုးရ တို့ကြား ဆက်ဆံရေး ကောင်းမွန်လာခဲ့ပြီး တပ်မတော်အစိုးရကို တရုတ်အစိုးရက အကူအညီတွေ ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေလည်း မြန်မာနိုင်ငံထဲ တစိမ့်စိမ့် ဝင်ရောက်လာခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေးတွေ လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။

မူဆယ်-ကျယ်ခေါင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းဟာ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့အဓိကစခန်း ဖြစ်လာခဲ့ပါတယ်။

မြစ်ဆုံရှော့ခ်

ဒါပေမဲ့လည်း သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားထားမယ်လို့ ကြေညာလိုက်တဲ့အတွက် တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး ရှေ့ရေးမသေမချာ ဖြစ်သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တပ်မတော်အစိုးရလက်ထက်က စခဲ့တဲ့ စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလို တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို ဒေသခံတွေရဲ့ ကန့် ကွက်မှုတွေလည်း ကြုံလာခဲ့ပါတယ်။

တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးထားတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းမယ့်ကိစ္စကို မြန်မာအစိုးရဘက်က တရုတ်အစိုးရကို အသိမပေးဘဲ ရပ်လိုက်တဲ့အပေါ် တရုတ်က မကျေမနပ် ဖြစ်ခဲ့ပါတယ်။

တရုတ်ဘက်က ဆက်ဆံရေးပုံစံပြောင်းခဲ့သလား

အဲဒီအတွက်လည်း နှစ်နိုင်ငံဆက်ဆံရေး ပုံစံ ပြောင်းဖို့တရုတ်အစိုးရက ပြင်ဆင်လာခဲ့ပါတယ်။ အရင်က အစိုးရတစ်ခုတည်းနဲ့ ဆက်ဆံရာကနေ အလွှာစုံ ဆက်ဆံရေးဘက်ကို ပြောင်းလဲလာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တရုတ်အစိုးရက သူတို့ရဲ့ မြန်မာနဲ့ဆက်ဆံတဲ့ နိုင်ငံခြားရေးမူဝါဒကို ပထဆုံးအကြိမ် ချိုးဖောက်ပြီး အဲဒီအချိန်က အာဏာရ ကြံ့ခိုင်ရေးပါတီအစိုးရရဲ့ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ခဲ့ပါတယ်။ နောက် ကော်ဇော်နီခင်းကြိုပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတတို့တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲဖို့အတွက် People to People ဆက်ဆံရေး တည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ အဲဒီခရီးစဉ်မှာ ပါဝင်ခဲ့သူတချို့က ပြန်ပြောပြပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်သလို NLD ပါတီ အစိုးရဖွဲ့ပြီးနောက်ပိုင်း မြန်မာ သမ္မတနဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။

ရပ်ဝန်းနဲ့လမ်းကြောင်းအစ

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ၂၀၁၇ ခုနှစ်မေလမှာ ကျင်းပတဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတခု စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အဲဒီစီမံကိန်းကို မူအရ သဘောတူတယ်ဆိုပြီး MoU လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရပ်ဝန်းတခုလမ်းကြောင်းတခုစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီစီမံကိန်းအတွက် မြန်မာနိုင်ငံဟာ အချက်အချာကျတဲ့ နေရာမှာ ရှိနေခဲ့ပါတယ်။

ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းဆွေးနွေးပွဲအပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်းကို မူအရ သဘောတူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတက မိတ်ဆွေကောင်းအဖြစ် ချီးကျူးပြီး သူ့အနေနဲ့လည်း ကူညီနိုင်တာ အားလုံး ကူညီပေးမယ်ဆိုတာ ပြောခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ပါခဲ့သူတချို့က ဘီဘီစီကို ပြန်ပြောပြပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က ကူညီစေချင်တာ တစ်ခုပြောမယ်၊ မလုပ်စေချင်တာတခုပြောမယ်၊ ကူညီစေချင်တာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကူညီပေးပါ၊ မလုပ်စေချင်တာကတော့ မြန်မာအစိုးရနဲ့ဆက်ဆံတဲ့အခါ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို Buffer( ကြားခံ ) အဖြစ် မသုံးဖို့ပေါ့ ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းကို ပြောခဲ့တာ" လို့ အဲဒီတွေ့ဆုံပွဲမှာ ပါခဲ့တဲ့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကေအိုင်အေ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ တရုတ် အထူးကိုယ်စားလှယ်တို့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ၂၀၁၆ ခုနှစ်မှာ တွေ့ဆုံခဲ့စဉ်

အဲဒီလိုတွေ့ဆုံပြီးနောက်တစ်နေ့မှာပဲ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေကိုလည်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို တက်ရောက်ဖို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ KIA၊ UWSA အပါအဝင် မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့အားလုံး တရုတ်အစိုးရစီစဉ်ပေးတဲ့ လေယာဉ်နဲ့ မြန်မာဘက်ကို ရောက်ရှိလာပြီး ၂၁ ရာစု ပင်လုံညီလာ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အစိုးရချင်း ဆက်ဆံရေးကောင်းမွန်လာခဲ့ပေမဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ညှိနှိုင်းတဲ့အခါမှာတော့ အဖုအထစ်တွေ ရှိလာပြန်ခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းမှာ ပါတဲ့လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပေမဲ့ မြန်မာအစိုးရဘက်ကကတော့ မြန်မာနိုင်ငံမှာလုပ်မယ့် စီမံကိန်း တွေကို ပြန်လည်ဆန်းစစ်တာတွေ လုပ်လာခဲ့ပါတယ်။ အဲဒီအတွက်လည်း ကြန့်ကြာတာတွေ ရှိလာခဲ့ပါတယ်။

၂၀၁၉ ဇူလိုင်လမှာ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ နန်နင်းကုန်စည်ပြပွဲမှာတော့ တရုတ်အစိုးရဘက်က စီမံကိန်း ၃ ခုကို အမြန်ဆုံး စတင်နိုင်ဖို့လက်မှတ်ထိုးလိုကြောင်း တောင်းဆိုခဲ့ပါတယ်။

သမ္မတခရီးစဉ်မှာ ဘာတွေ သဘောတူကြမလဲ

တရုတ်အစိုးရဘက်က တောင်းဆိုတဲ့ စီမံကိန်း ၃ ခုက ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသက အထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတို့ လက်မှတ်ထိုးဖို့တောင်းဆိုထားတယ်လို့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြစ်ဆုံစီမံကိန်းကို ၂၀၁၉ ဧပြီမှာ မြစ်ကြီးနားဆန္ဒပြတဲ့ ဒေသခံတွေ

မြန်မာအစိုးရဘက်ကလည်း မြန်မာနိုင်ငံကထွက်တဲ့ ဆန်၊ပြောင်းနဲ့ သကြားတို့ကို တရုတ်ဘက်က တရားဝင် ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီလိုညှိနှိုင်းနေချိန်မှာပဲ တရုတ်သမ္မတ မြန်မာနိုင်ငံကို လာရောက်ဖို့ ဖြစ်လာခဲ့ပြီး နှစ်နိုင်ငံ လုပ်ဆောင်မယ့်လုပ်ငန်းတွေကိုလည်း အားတက်သရော ဆွေးနွေးလာခဲ့ ကြပါတယ်။

တရုတ်အစိုးရဘက်က တောင်းဆိုထားတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရဲ့ ဒုတိယအဆင့်၊ နယ်ခြားဒေသ စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတို့ကို တရုတ်သမ္မတ ခရီးစဉ်မှာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းအောက်က တရုတ်-မြန်မာစီးပွား စင်္ကြန်လမ်း စီမံကိန်းထဲမှာပါတဲ့လုပ်ငန်းတချို့ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

နှစ်နိုင်ငံနယ်ခြားမှာရှိတဲ့ စီးပွားရေးဇုန်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိတယ်လို့လည်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုပါတယ်။

ဒါ့အပြင် ဆန်ကွဲ၊ ဖရဲ၊သခွား၊တစ်သျှူး ငှက်ပျောသီးနဲ့ကျွဲ၊နွား အရှင်တင်ပို့ခွင့်တွေကိုလည်း တရုတ်ဘက်က ခွင့်ပြုပေးဖို့ရှိတယ်လိုလည်း ဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက လယ်ယာထွက်ကုန်ဖြစ်တဲ့ ဆန်နဲ့ပြောင်းကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူပေးဖို့မြန်မာဘက်က တောင်းဆိုချက်ကိုတော့ ဒီခရီးစဉ်မှာ လက်မှတ်ရေးထိုးနိုင်သေးမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးနဲ့ အိုင်စီဂျေအရေးလို ကိစ္စတွေ ဖြေရှင်းဆောင်ရွက်နေချိန် လာရောက်တဲ့ တရုတ်သမ္မတရဲ့ ခရီးစဉ်မှာ တရုတ်က လိုလားတဲ့စီမံကိန်း အတော်တော်များများကို မြန်မာဘက်က လိုက်လျောခဲ့ရပြီး မြန်မာဘက်က တောင်းဆိုတာတွေထဲကတော့ တချို့ကိုသာ သဘောတူနိုင်ခဲ့လို့ ကျန်တာတွေကို ဆက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။