ရခိုင်မှာ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားမတွေ့ဘူးလို့ ICOE ထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရ မှုတွေက ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူး ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မူဆလင်တွေနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရမှုတွေက ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်းခဲ့တဲ့ သက်သေမျိုးကိုမတွေ့ခဲ့ရဘူးလို့ ကောက်ချက်ချ

လူမျိုးတုံးသတ်ဖြတ်ခြင်းနဲ့ ကိုက်ညီတဲ့ ကျူးလွန်မှုမျိုးအတွက် ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ချနိုင်မှု တစုံတရာ သက်သေအထောက်အထားမျိုးကို အထောက်အထားစုဆောင်းခြင်းနဲ့ အတည်ပြုခြင်း ကော်မတီအနေနဲ့ မတွေ့ရဘူးလို့ ရခိုင်အရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကော်မရှင်ရဲ့ အပြီးသပ်အစီရင်ခံစာကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်ဆီကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်တာ၊ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာတွေကိုတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်များနဲ့ အခြားလူမှုအသိုင်းအဝန်းတွေ ရွှေ့ပြောင်းခံရမှုနဲ့ သတ်ဖြတ်ခံရမှုတွေက လူမျိုးတခု၊ ဘာသာတခုအပေါ် ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကျူးလွန်ခဲ့တဲ့ သက်သေမျိုးကို မတွေ့ခဲ့ရဘူးလို့ လည်းဖော်ပြပါတယ်။

ဒါကလည်း လက်နက်ကိုင် အဖွဲ့နှစ်ခု တိုက်ခိုက်မှုတွေအကြားမှာ ဖြစ်ခဲ့တာမျိုး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ICOE က ရခိုင်ပြည်နယ်၊ ရန်ကုန်၊ နေပြည်တော်တို့မှရရှိတဲ့ အချက်အလက်တွေကို စုဆောင်းတာ အပြင်၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သက်သေပေါင်း ၁၅၀၀ ကို အဖွဲ့စည်းပေါင်းစုံကနေ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသာမက မူဆလင်၊ ရခိုင်၊ မြို၊ ဒိုင်းနက်အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ စတဲ့အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အဓိကအချက်တွေကို အကျဉ်းချုပ်ထုတ်ပြန်တာဖြစ်ပြီး၊ အစီရင်ခံစာအပြည့်အစုံမှာတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး အကြံပြုချက် ၂၂ ခု အပါအဝင်၊ တာဝန်ယူ တာဝန်ခံ လုပ်ဆောင်ရမယ့် အရာတွေ၊ တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။

စာမျက်နှာ ၄၆၁မျက်နှာ ပါရှိတဲ့ အစီရင်ခံစာ အပြည့်အစုံမှာတော့ ၁၉၇၁ ကနေ ၁၉၉၂ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ လူတွေအကြောင်း အပါအဝင် ၂၀၁၂ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့အကြောင်းအရာတွေ ကိုးကားချက်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။

ICOE ရဲ့ အစီရင်ခံစာကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့် ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အထူးဟောပြောချက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်နဲ့ပဲ နိုင်ငံတကာခုံရုံးမှာလည်း မြန်မာနိုင်ငံက သွားရောက်ခုခံချေပနေရပါတယ်။

ကော်မရှင်က လူမျိုးတုံး သတ်ဖြတ်မှုမတွေ့ခဲ့ဘူးလို့ ထုတ်ပြန်ပေမယ့် နိုင်ငံတကာမီဒီယာနဲ့ အဖွဲ့အစည်းတွေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုမျိုးကို လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားသလို၊ အဲဒီစွပ်စွဲချက်နဲ့ပဲ နိုင်ငံတကာတရားရုံးမှာလည်း မြန်မာနိုင်ငံက သွားရောက် ခုခံချေပနေရပါတယ်။

အခုကော်မရှင်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သက်တမ်းတစ်နှစ်ပြည့်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးထားပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ၊ ၂၀ရက်နေ့ ကော်မရှင် သက်တမ်း တစ်နှစ်ခွဲ အချိန်မှ တွေ့ရှိချက်အစီရင်ခံစာကို တင်ပြနိုင်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဂျပန်နိုင်ငံသား သံတမန်ဟောင်း ကန်ဇို အိုရှီမ၊ မြန်မာနိုင်ငံဘက်က ကုလသမဂ္ဂအရာရှိဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ အခြေခံဥပဒေခုံရုံး ဥက္ကဌဟောင်း ဦးမြသိမ်းတို့ ပါဝင်တဲ့ ကော်မရှင်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဖွဲ့စည်းပေးခဲ့ တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ