တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိပုဒ်မနဲ့ စွဲချက်တင်

အဂတိမှုနဲ့ အဖမ်းခံထားရတဲ့ တနင်္သာရီ ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Tanintharyi Region Government Facebook

ဓာတ်ပုံ ပုံစာ,

ဒေါက်တာလဲ့လဲ့မော်ကို လက်ရှိမှာ ထားဝယ် အကျဉ်းထောင်မှာ ထိန်းသိမ်းထား

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်း တရားလွှတ်တော်က ဇန်နဝါရီ ၂၁ ရက်မှာ အဂတိလိုက်စားမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်နဲ့အတူ GGS ကုမ္ပဏီထိပ် တန်းအရာရှိ သုံးဦးကိုလည်း မူလစွဲဆိုထားတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု လေးမှုနဲ့ စွဲချက်တင်ခံလိုက်ရတဲ့ ဒေါက်တာ လဲ့လဲ့မော်ကို လက်ရှိမှာ ထားဝယ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သူရဲ့အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"အရင်စွဲတဲ့ပုဒ်မတွေပဲ ဒေါ်လဲ့လဲ့မော်ကို (အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ) ၅၅၊ ကျန်တဲ့သူတွေကို ၅၅၊ ၆၃ နဲ့အကုန်တင်လိုက်တယ်"

"ကျန်းမာရေးကတော့ ပုံမှန်ပဲလေ။ သူက ကင်ဆာသမားဆိုတော့ ပုံမှန်ဆေးသွင်းနေရတယ်။ ခြေထောက်နာနေတာကတော့ ဒီကနေ့ အထိပဲပေါ့။ သူကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ လုပ်သင့်တာဆက်လုပ်မယ်ဆိုပြီး မိသားစုနဲ့ တိုင်ပင်မယ်ပေါ့" လို့ ဘယ်ပုဒ်မတွေနဲ့ စွဲချက်တင်တယ်ဆိုတာနဲ့ ရုံးချိန်းကို လာရောက်ခဲ့တဲ့ဒေါ်လဲ့လဲ့မော်ရဲ့ အခြေအနေတို့နဲ့ ပတ်သက်လို့ ဦးနိုင်လင်းထွန်းက ပြောပါတယ်။

တရားလိုပြသက်သေ ၈၀ ကျော်ကိုစစ်ဆေးအပြီးမှာ အခုလို စွဲချက်တင်ခဲ့တာဖြစ်ပြီး လာမယ့်ရုံးချိန်းတွေမှာ ပြန်ခေါ်သက်သေတွေကို စစ်ပေးဖို့ ဒေါ်လဲ့လဲ့မော်ဘက်က တောင်းဆိုထားပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက် ရုံးချိန်းတွေမှာ တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ပြန်ခေါ်သက်သေတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ထားဝယ်လေယာဉ်ကွင်းနဲ့ ထားဝယ်တက္ကသိုလ်တို့မှာ ခြုံနွယ်ရှင်းလင်းတဲ့လုပ်ငန်းတွေနဲ့ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဒေါက်တာလဲ့လဲ့မော်ဟာ ဝန်ကြီးချုပ် ရာထူးကို အလွဲသုံးစားလုပ်ပြီး ငွေကြေးလက်ဆောင်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၉ မတ်လ ၁၀ ရက်မှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါ တယ်။

ဝန်ကြီးချုပ်ဟောင်းဟာ ကိုယ်ပိုင်နေအိမ် ခြံစည်းရိုးကာရံရာမှာ ပြည်သူ့ဘဏ္ဍာတွေ သုံးစွဲခဲ့ပြီး ဒါက အဂတိနဲ့ ငြိစွန်းတယ်လို့ ကော်မရှင်ဘက်က ပြောကြားထားပါတယ်။

ဒါ့အပြင် ကျပ်သိန်း ၃၀၀ ကျော်တန်တဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ နေအိမ်ကို GGS ကုမ္ပဏီက သိန်း ၂၀၀၀ ကျော်ပေးပြီး ဝယ်ခဲ့တဲ့အချက်လည်း စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ပါတယ်။

ဒေါက်တာလဲ့လဲ့မော်နဲ့အတူ Global Grand Services(GGS) ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံ တို့ကို အဂတိလိုက်စားဖြစ်အောင် အားပေးအားမြှောက်ပြုမှု ပုဒ်မ ၅၆/၆၃ တို့နဲ့ အသီးသီးစွဲချက်တင်ခဲ့ပါတယ်။

GGS ကုမ္ပဏီဟာ ဒေါက်တာလဲ့လဲ့မော်ကို လာဘ်ပေးပြီး တနင်္သာရီတိုင်းအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်အခွင့်အရေး အမျိုးမျိုး ရယူခဲ့တယ်လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အခုလို ဝန်ကြီးချုပ်ဟောင်းကို စွဲချက်တင်တဲ့အပေါ် ကြိုဆိုတယ်လို့ ထားဝယ်အမျိုးသမီးများ သမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့မတ်လက သမ္မတ ခွင့်ပြုချက်နဲ့ ဒေါ်လဲ့လဲ့မော်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို တရားစွဲတဲ့ အဂတိပုဒ်မက နိုင်ငံဝန်ထမ်းတွေ အဂတိလိုက်စားရင် စွဲဆိုတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင် ၁၅ နှစ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။