အခမ်းအနားတွေကို အသုံးမချနဲ့လို့ ဆန္ဒပြကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်ပြော

ဆန္ဒပြကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, MeKongNews / MPA

ဓာတ်ပုံ ပုံစာ,

ဆန္ဒပြကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရ

နေပြည်တော်က ပညာရေး အခမ်းအနားတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ဆန္ဒပြတဲ့ ကျောင်းသားတွေကို အခမ်းအနားတွေကို ကိုယ့်အဖွဲ့ ကိုယ့်အမြင်တစ်ခုတည်းအတွက် အသုံးမချဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ ကျင်းပတဲ့ အခြေခံပညာကဏ္ဍ ပညာရေး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပညာရေး တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသားကျောင်းသူ ၁၁ ဦးက ပွဲခင်း နောက်ဆုံးတန်းနားမှာ ဆိုင်းဘုတ်တွေကိုင်ပြီး ၁၅ မိနစ်နီးပါး မတ်တပ်ရပ် ဆန္ဒပြခဲ့ပါတယ်။

အခြေခံပညာအတန်းတချို့ကို မတ်လကုန်မှာ စာမေးပွဲစစ်ဖို့စီစဉ်တဲ့အပေါ် ကန့်ကွက်တာနဲ့ မန္တလေးတက္ကသိုလ်က ကျောင်းသားသပိတ်ဖြေရှင်းပေးဖို့အပါအဝင် အချက် ငါးချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြခံရတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပွဲခင်းထဲမှာ အခုလို တုံ့ပြန်ခဲ့ပါတယ်။

"အခမ်းအနားတွေကို ကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက် ကိုယ်တစ်ယောက်တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရပါမယ်။စည်းကမ်းဆိုတာလည်း ကိုယ့်စည်းကိုယ်ကိုယ် ထိန်းရပါလိမ့်မယ်"

"တင်ပြချင်လို့ရှိရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်ဟာကိုယ် ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင်တွေကို တင်ပြနိုင်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် ဆန္ဒပြကျောင်းသားတွေထဲကတစ်ဦးဖြစ်တဲ့ ရန်ကုန် ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ကိုအာင်ပြည့်စုံက "သူလည်း သူ့လုပ်ပိုင်ခွင့်နဲ့သူ ကျွန်တော်တို့လည်း ကျွန်တော်တို့ လုပ်ပိုင်ခွင့်နဲ့ လုပ်တာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ ပြောစရာတော့မရှိပါဘူး အဲဒါ။ ထိရောက်မှု ရှိမရှိဆိုတာ တခြားလှုပ်ရှားမှုတွေကနေ ဆက်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။

မိဘတွေ စီးပွားရေး ပိုလုပ်နိုင်ဖို့ အခြေခံပညာကျောင်းတွေကို မတ်လထိ ဖွင့်ဖို့ ပညာရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ တိကျတဲ့ မူဝါဒပေါ် အခြေမခံတဲ့အပြင် ပညာရေးဝန်ထမ်းတွေနဲ့ ညှိနှိုင်းမှုမရှိဘူးဆိုပြီး ဆရာ၊ဆရာမတွေက ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MeKongNews / MPA

ဓာတ်ပုံ ပုံစာ,

ဆရာတွေကိုယ်တိုင်က လာတောင်းဆိုမှ ဆွေးနွေးခွင့်ရမယ်လို့ဆို

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဒီမူဝါဒကို ပြန်သုံးသပ်ပေးဖို့နဲ့ မပြင်ဆင်ပေးရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကလည်း ကြေညာချက် ထုတ်ထားပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပွဲထဲမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘဲ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းနဲ့ပဲ တွေ့ဆုံခဲ့ရပြီး လိုလားချက်တွေကို တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြ ကျောင်းသူ တစ်ဦးဖြစ်တဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မစုလှိုင်ထွေးက ဘီဘီစီကိုပြောပါတယ်။

"ဆရာဦးကိုလေးဝင်းနဲ့ ဆွေးနွေးလိုက်တော့ ကျောင်းသားတွေကနေ လာရောက်တောင်းဆိုတဲ့အတွက် သူကအဲဒါကို မလုပ်ပေးနိုင်ဘူး။ ဆရာတွေကိုယ်တိုင်က လာတောင်းဆိုမှသာလျှင် ဆရာတွေနဲ့ တွေ့ပြီးတော့မှ ဆွေးနွေးပွဲ လုပ်ပြီးမယ်ဆိုပြီးတော့မှ ပြောတယ်"

"ဖဲကြိုးစိမ်းကော်မတီဆိုတာက ဆရာနဲ့ ဝန်ကြီးဌာနကြားက Joint Committee အနေနဲ့ လာတာဖြစ်တဲ့အတွက် ဦးကိုလေးဝင်းတို့ကို စာတင်ခဲ့တယ်"

"အမြန်ဆုံး ဒီဆရာတွေနဲ့ တွေ့ပေးဖို့လုပ်ပေးပါဆိုပြီး ပြောလိုက်တယ်။ နောက်ပိုင်းမှာ သူတို့ဘက်က ဘာမှ တုံ့ပြန်မှု မရှိဘူးဆိုရင်တော့ ဆက်ပြီးတော့ လုပ်စရာတွေတော့ရှိတယ်။အခုသူတို့ အခြေအနေကို စောင့်ကြည့်နေတုန်းပဲ" လို့ မစုလှိုင်ထွေးက ပြောပါတယ်။

ဒီပညာရေးနှီးနှောဖလှယ်ပွဲကို နေပြည်တော်မှာ ဇန်နဝါရီ ၂၈ နဲ့ ၂၉ ရက်မှာ နှစ်ရက်ကြာ ကျင်းပနေတာဖြစ်ပြီး ဒုတိယနေ့မှာတော့ ဆန္ဒထပ်ပြဖို့ အစီအစဉ်မရှိတော့ဘူးလို့ မစုလှိုင်ထွေးက ဆက်ပြောပါတယ်။

မန္တလေးတက္ကသိုလ်ထဲမှာ စားသောက်ဆိုင်တန်း လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရာကတစ်ဆင့် မန္တလေးတက္ကသိုလ်ထဲမှာလည်း ကျောင်းသားသမဂ္ဂက ဦးဆောင်သပိတ် မှောက်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကို ဆက်သွယ်မေးမြန်းတဲ့အခါ မန္တလေးတက္ကသိုလ်ကို သွားရောက်နေပြီဖြစ်ပြီး အသေးစိတ်ကိုတော့ နောက်ရက်မှသာ ဖြေကြားနိုင်မယ်လို့ ပြောပါတယ်။