ဝန်ကြီးဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ ၁၃၀ ကျော်ကျန်နေ အပါအဝင် ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YGEA
Image caption ဝန်ကြီးဌာနတွေက တောင်းရမယ့် ကျွေးတွေကျန်ရှိနေတာ၊ မြေငှားရမ်းခတွေနည်းတာတွေ၊ လုပ်ငန်းဆုံးရှုံးမှုအချို့ ကြောင့် ဌာနအများစုမှာ ဆုံးရှုံးမှုတွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီဆုံးရှုံးမှုပမာဏ တွေကလည်း ငွေကျပ် ဘီလီယံနဲ့ ချီပြီး ရှိနေပါတယ်

ဝန်ကြီးဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ၁၃၀ ကျော်ကျန်နေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက မတောင်းနိုင်သေးတဲ့ ရွှေစင်ပိဿာ ပေါင်း ၁၃၀ ကျော်အထိကျန်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာ စာရင်းစစ်ချုပ်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ရဲ့စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ဒုတိယအတွဲမှာ ပါရှိပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်အတွင်း ဇန်နဝါရီလ ၂၉ရက် နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဝေမျှခဲ့တဲ့အပြင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာလဲ ဖတ်ကြား ခဲ့ပါတယ်။

အဲဒီရွှေကြွေးကျန်တွေက ၂၀၁၃-၁၄ ခုနှစ်ကနေ ၂၀၁၉ခုနှစ် ဇွန်လအထိ ဘဏ္ဍာနှစ် ၄နှစ်နဲ့ ၆လအတွင်း ရရှိရန်ကျန်ရှိနေတဲ့ ရွှေကြွေးကျန်ပမာဏဖြစ်ပါတယ်။

ကြွေးကျန်ရွှေပိဿာ ၁၃၀ ကျော်ကို ရွှေတူးဖော်တဲ့ကုမ္ပဏီပေါင်း ၁၅၃ခုက ပေးသွင်းရန်ကျန်ရှိတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မိုးထိမိုးမိလို့လူသိများတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ လည်းပါဝင် ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရွှေဈေးတွေ ခုန်တက်သွားတာ ဘာကြောင့်လဲ

အခုကျန်ရှိနေတဲ့ ရွှေပိသာချိန်ရဲ့ တန်ဖိုးက ကာလတန်ဖိုးအရဆိုရင် ငွေကျပ်သိန်းပေါင်း တစ်သိန်း ငါးသောင်းကျော်အထိရှိနိုင်ပါတယ်။ အခုပမာဏကလည်း ဝန်ကြီးဌာနတခုအောက်က သတ္တုတွင်းလုပ်ငန်း ရဲ့ ကြွေးကျန်နေတဲ့ ပမာဏသာဖြစ်ပါတယ်။

စာရင်းစစ်ချုပ်ကတင်သွင်းတဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့တွေ့ရှိချက်တွေ အရဆိုရင် ဝန်ကြီးဌာနတွေက တောင်းရမယ့် ကျွေးတွေကျန်ရှိနေတာ၊ မြေငှားရမ်းခတွေနည်းတာတွေ၊ လုပ်ငန်းဆုံးရှုံးမှုအချို့ ကြောင့် ဌာနအများစုမှာ ဆုံးရှုံးမှုတွေရှိနေတာကို တွေ့ရပါတယ်။ အဲဒီဆုံးရှုံးမှုပမာဏ တွေကလည်း ငွေကျပ် ဘီလီယံနဲ့ ချီပြီး ရှိနေပါတယ်။

အခုလိုဆုံးရှုံးနေတဲ့ ငွေတွေ၊ ရွှေတွေအစရှိတာတွေကို အပြည့်အဝရရှိဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တွေက စဉ်ဆက်မပြတ်တွန်းအားပေးလုပ်ဖို့ လိုအပ်နေတယ်လို့လည်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စက်ရုံက စွမ်းအားကျတဲ့အခါ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်နှုန်းကျ ဆင်းပြီး ပြန်ဆပ်ရမယ့်ငွေကို နိုင်ငံတော်ဘဏ္ဍာငွေကနေ စိုက်ထုတ်ပြီး ပြန်ဆပ်ရမယ့်အနေ အထားမျိုးကို တော့ စိုးရိမ်တယ်

ရန်ကုန်အစိုးရ ချေးမယ့် ယူရိုသန်း ၅၀ ကိစ္စ ထောက်ခံပေမယ့် စနစ်တကျလုပ်ဖို့ အမတ်တွေတိုက်တွန်း

ပိုလန်အစိုးရထံကနေ ယူရိုသန်း ၅၀ ချေးယူပြီး ရန်ကုန်မှာ စွန့်ပစ်အမှိုက်သန့်စင်တဲ့ စီမံကိန်းကို ရန်ကုန်အစိုးရက လုပ်ဆောင်ဖို့ကိစ္စ ဇန်နဝါရီ ၂၉ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

ထောက်ခံကြပေမယ့် လုပ်ငန်းလည်ပတ်နိုင်ရေးမှာ စနစ်တကျရှိဖို့၊ အလားတူလုပ်ကိုင်ထားတဲ့ လုပ်ငန်းမျိုး တွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ ဒါ့အပြင်စီမံကိန်းလျာထားတဲ့ ပမာဏအတိုင်း အမှိုက်သန့်စင်ကာ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အစရှိတာတွေကိုလည်း အကြံပြုခဲ့ကြပါတယ်။

ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ စက်ရုံက စွမ်းအားကျတဲ့အခါ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်နှုန်းကျ ဆင်းပြီး ပြန်ဆပ်ရမယ့်ငွေကို နိုင်ငံတော်ဘဏ္ဍာငွေကနေ စိုက်ထုတ်ပြီး ပြန်ဆပ်ရမယ့်အနေ အထားမျိုးကို တော့ စိုးရိမ်တယ်လို့ ဆွေးနွေးပါတယ်။

ဒါ့အပြင် ချေးငွေပြန်ဆပ်ရမယ့် ၆၇နှစ်လုံးမှာ စက်ရုံကလည်ပတ်နိုင်ပါ့မလားဆိုတာကိုလည်း ဒေါ်ခင်စန်း လှိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် အတိအကျ အပြည့်အစုံကို တင်ပြဖို့လိုအပ်တယ်လို့လည်း သူကအကြုံပြုပါတယ်။

ဒါ့အပြင် အခုချေးငွေနဲ့ လုပ်မယ့်အစား အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းကို လုပ်ကိုင်လိုသူ ကုမ္ပဏီ ပေါင်း ၁၅၀ ကျော်ကို စနစ်တကျ တင်ဒါခေါ်ယူကာ လုပ်ကိုင်ဖို့အတွက်လည်း ဒေါ်ခင်စန်းလှိုင်က အကြံပြုခဲ့ပါတယ်။အခုချေးမယ့် ယူရို သန်း ၅၀ကို ၆၇နှစ်အတွင်း ပိုလန်နိုင်ငံကို နှစ်စဉ်အလိုက်ပြန်လည်ပေးဆပ်ရမှာဖြစ် ပါတယ်။

အခုချေးငွေယူမယူနဲ့ ကျန်ရှိတဲ့ အစီအစဉ်တွေကိုတော့ မနက်ဖြန် ဇန်နဝါရီလ ၃၁ရက်နေ့မှာ ပြန်လည် ဆွေးနွေးကာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ၊ မြေနေရာငှားရမ်း မှုတွေအစရှိတဲ့ အစိုးရက အကောင်အထည်ဖော်ကိုင်တွယ်နေရတဲ့ လုပ်ငန်းတွေမှာ ဆုံးရှုံးနစ်နာမှုတွေက တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း သိန်းချီပြီးရှိနေတာကိုလည်း ရန်ကုန်စာရင်းစစ်ချုပ်က ထောက်ပြထား ပါတယ်။

အဲဒီလိုနစ်နာမှုတွေကိုလည်း လွှတ်တော်အတွင်းလာရောက်ရှင်းလင်းဖို့ အမတ်တွေကတောင်းဆိုကြပေမယ့် အခုချိန်ထိ ရှင်းပြတာမျိုးတော့မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်အာဏာပိုင်တွေက လေယာဉ်ကို ပြန်ထွက်ခွာဖို့အတွက် ခွင့်ပြုပေးတာမရှိသေးတာ ကြောင့်ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသား ၂၀၀လောက် ဝူဟန်ကပြန်ထွက်ခွင့်မရသေး

ဗြိတိန်နိုင်ငံသား ၂၀၀ ကိုပြန်ခေါ်မယ့် လေယာဉ်က စီစဉ်ထားတဲ့အစီအစဉ်အတိုင်း ဗုဒ္ဓဟူးနေ့မှာ ဝူဟန်ကနေ ဗြိတိန်ကို ပြန်မထွက်ခွာနိုင်ခဲ့ပါဘူး။

တရုတ်အာဏာပိုင်တွေက လေယာဉ်ကို ပြန်ထွက်ခွာဖို့အတွက် ခွင့်ပြုပေးတာမရှိသေးတာ ကြောင့်ဖြစ်ပါတယ်။

မြန်နိုင်သမျှမြန်အောင် လေယာဉ်ထွက်နိုင်ဖို့ အတွက်တွန်းပြီးလုပ်နေပါတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက သိရပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် ဗုဒ္ဓဟူးနေ့အထိတော့ လူ ၁၃၀ကျော် သေဆုံးနေပါပြီး တရုတ်အပြင် အခြား ၁၆နိုင်ငံကိုပါ ပျံ့နေပါပြီ။

အဲဒီလေယာဉ်ကို ကြာသာပတေးနေ့ ဒီမနက်ပိုင်း (မြန်မာစံတော်ချိန်အရဆိုရင် ညနေပိုင်းဖြစ်ပါတယ်) မှာ ဗြိတိန်ကိုပြန်ရောက်မယ်လို့ခန့်မှန်းထားပြီး၊ ပါလာသူတွေကိုတော့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုတွေ ပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင်သူတို့ကို ၁၄ရက်အထိ သီးသန့်ထားရှိပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်မှာလို့ ဗြိတိန်အစိုးရရဲ့ ပြောခွင့်ရသူထံကသိရပါတယ်။