အခြေခံပညာ အတန်းစာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင် စစ်ဖို့ ပညာရေးဝန်ကြီး သဘောတူ

ဓာတ်ပုံ ရင်းမြစ်, MPA
ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု
ဆရာ၊ ဆရာမ တွေ တောင်းဆိုခဲ့တဲ့အတိုင်း အခြေခံပညာ စာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင် ပြောင်းစစ်ဖို့ ပညာရေးဝန်ကြီးက သဘောတူလိုက်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့အပြီး အခုလို သဘောတူလိုက်တာလို့လည်း သူကပြောပါတယ်။
အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲကို နေပြည်တော်မှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
"ရလဒ်ကတော့ လေးတန်းရှစ်တန်း စာမေးပွဲတွေကို ဆယ်တန်းစာမေးပွဲ မတိုင်ခင်စစ်မယ် ဆိုတာ သဘောတူခဲ့တယ် "လို့ ဒီဆွေးနွေးပွဲမှာ သဘောတူညီခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲပြီးမှသာ လေးတန်းနဲ့ ရှစ်တန်းကလွဲလို့ ကျန်တဲ့အတန်းတွေကို စာမေးပွဲစစ်ဖို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, MPA
ပညာရေးဝန်ကြီးဌာနရဲ့ မတ်လကုန်အထိ စာသင်ကာလ တိုးမြင့်မှု အပေါ် ပညာရေး ကောလိပ် ကန့်ကွက်ဆန္ဒပြပွဲ
အရင်ကတော့ တခြားအတန်းတွေ စာမေးပွဲပြီးမှ ဆယ်တန်းစာမေးပွဲကို စစ်ဆေးရတာ ဖြစ်ပြီး အခုနှစ်မှာ ဆယ်တန်းစာမေးပွဲ စစ်ပြီးမှ တခြားအတန်းတွေရဲ့ စာမေးပွဲကို စစ်ရမယ်လို့ ပြင်ဆင် သတ်မှတ်လိုက်တဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေဟာ မတ်လကုန်အထိ စာသင်ရမှာ ဖြစ်တာကြောင့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေက ကန့်ကွက်နေကြတာပါ။
ပညာရေးဝန်ကြီးဌာနအနေနဲ့ စာမေးပွဲစစ်တဲ့ အချိန်တွေ ပြောင်းလိုက်တဲ့အပေါ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြသလို ဆရာဆရာမတွေကလည်း မြိုနယ်တော်တော်များများမှာ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနဲ့ ဝန်ကြီးဌာန အကြား သဘောတူညီချက် ရလဒ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆရာဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က တောင်းဆိုချက်နဲ့ မကွာဘဲ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် အဆင်ပြေမှု ရှိတယ်လို့ ပြောပါတယ်။
ဆရာဆရာမတွေကို ကိုယ်စားပြု တောင်းဆိုနေတဲ့ အသင်းအဖွဲ့တွေကတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနဲ့ သဘောတူညီချက်ကို တရားဝင် စာထုတ်ပေးဖို့ ပြောဆိုနေကြ ပါတယ်။