စင်ကာပူမှာ မြန်မာအိမ်အကူတစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ဆေးရုံရောက်

ဆေးရုံမှာကုသမှုခံယူနေတဲ့ မြန်မာအလုပ်သမားအမျိုးသမီးကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Pyae sone

ဓာတ်ပုံ ပုံစာ,

ဆေးရုံမှာကုသမှုခံယူနေတဲ့ မြန်မာအလုပ်သမားအမျိုးသမီးကို ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ်

စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် သံယသလူနာအဖြစ် စင်ကာပူက တန်တာ့ခ်ဆုန် ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ကာယကံရှင်က ဘီဘီစီကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အထက်ပါအမျိုးသမီးဟာ ဖေဖော်ဝါရီလ ၇ ရက် ညနေမှာ သူ့အလုပ်ရှင်နဲ့အတူ ဈေးဝယ်သွားရင်း အသက်ရှူကြပ်တာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာတွေကြောင့် နီးစပ်ရာ ဆေးခန်းဝင်ပြရာကနေ ဆေးစစ်မှုတွေပြုလုပ်အပြီးမှာ အာဏာပိုင်တွေက တန်တာ့ခ်ဆုန်ဆေးရုံကို အဲဒီနေ့ညနေပိုင်းမှာပဲ ချက်ချင်းပို့ဆောင်ခဲ့တာလို့ သူက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STRINGER

ဓာတ်ပုံ ပုံစာ,

မြန်မာအမျိုးသမီးကို ဒီဆေးရုံမှာ သံသယလူနာအဖြစ် တင်ထားတာဖြစ်ပါတယ်။

လောလောဆယ်မှာ သူ့ရဲ့ ဆေးစစ်ချက်အဖြေကို မသိရသေးဘဲ ခုဆို စင်ကာပူက ကူးစက်ရောဂါတွေ ကုသတဲ့ဆေးရုံမှာ ရောက်ရှိ ကုသမှုခံယူနေတာ သုံးရက်ရှိပြီဖြစ်ပါတယ်။

သူမရဲ့အိမ်ရှင်အမျိုးသမီးဟာ တရုတ်ကို ပြီးခဲ့တဲ့လက သွားရောက်ထားပြီး အဲဒီနောက် ပြီးခဲ့တဲ့တစ်ပတ်တည်းက ဖျားနေတာဖြစ်ပြီး သူကနေတစ်ဆင့် သူမဆီကို ကူးစက်တယ်လို့ ပြောပါတယ်။

"ညီမ သူဌေးမ နေမကောင်းလို့ သူ့ဆီကနေ ကူးတာပါ။ ဖျားတယ်။ သုံးရက်လောက်ကြာတော့ သူဆေး ခန်းပြပေးမယ်ပြောတယ်။ ကိုယ်ပူကလည်း ကြားထဲမှာ မကျဘူး။ ဖေဖော်ဝါရီ၇ ရက် ညနေပိုင်းမှာ သူနဲ့ ဈေးဝယ်ထွက်တာ အဲဒီမှာ ချောင်းတအားဆိုးပြီး အသက်ရှူကြပ်ပြီး လဲတာပေါ့။ အဲဒီမှာတင် အဲဒီနားက လူတွေက ကူညီပြီး Ambulance နဲ့ ရဲနဲ့က နေပြီးတော့ဆေးရုံကိုပို့တာပေါ့" လို့ မအေးမြင့်ခိုင်က ပြောပါတယ်။

သူ့မှာ ဘာရောဂါမှမရှိကြောင်းနဲ့ ရိုးရိုးဖျားတာ၊ချောင်းဆိုးတာသာဖြစ်ကြောင်း ဆေးခန်းမှာပြောပေမယ့် ဆေးခန်းကတော့ ရိုးရိုးဖျားတာမှန်ပေမဲ့လည်း တာဝန်အရ စစ်ဆေးမှာဖြစ်ပြီး ဘာရောဂါမှမရှိတာမှန်ရင် အိမ်ပြန်ခွင့်ပေးမယ်လို့ပြောကြောင်း သူက ပြောတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဆေးခန်းမှာ သူ့လို တခြား နှာစေးချောင်းဆိုးလူနာတွေအများကြီး လာရောက်ပြသနေတာကို တွေ့ရတယ်လို့ သူက အဲဒီနေ့က ဆေးခန်းပြ တဲ့အတွေ့အကြုံကို သူက အခုလို ပြောပါတယ်။

"ညီမကို အများကြီးပဲ ဆေးစစ်တယ်။ ညီမကလည်း အဖျားကလည်း မကျဘူး။ ချောင်းဆိုးကလည်း မရပ်ဘူး။ ပြီးတော့ X Ray မှာလည်း အဖြေတစ်ခုထွက်လို့ဆိုပြီးတော့ ဆေးရုံတက်ခိုင်းလိုက်တာ။ ဘာ အဖြေထွက် လဲဆိုတာတော့ မသိသေးဘူး။ ညီမ မတက်ချင်ဘူးပြောတော့ သူတို့ဘက်က ခွင့်မပြုဘူး။ ဆေးရုံတက်လိုက်တာ အကောင်းဆုံးပါပဲပေါ့နော်။ ဆေးရုံမတက်လည်း အိမ်မှာ ပြန်နေလို့မရဘူး။ တခြား သူတွေကို ကူး မှာစိုးလို့ပေါ့နော်။ အဲဒါနဲ့ လူနာတင်ယာဉ်နဲ့ပဲ ဒီဆေးရုံကို ပို့လိုက်တာ" လို့ သူက ဆိုပါတယ်။

ဆေးရုံတက်နေတဲ့ ရက်တွေအတွင်း ညဘက်တွေမှာ မကြာခဏ ဆေးထိုးကုသမှုတွေရှိပြီး အချိန်ပြည့် နှစ်နာရီခြားတစ်ခါ ဆေးလာစစ်တာတွေရှိတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မနက်ပိုင်း သက်သာပေမဲ့ နေ့ခင်းပိုင်း အဖျားပြန်တက်လို့ ညပိုင်းမှာ သွေးဖောက်စစ်ဆေးမှုတွေ ထပ်လုပ် ထားတယ်လို့ သူက ပြောပါတယ်။

သူ့ကို လာကုသတဲ့ ဆေးရုံတာဝန်ရှိသူတွေအကုန်လုံးဟာ လူနာခန်းထဲ လာရောက်တဲ့အခါ ဝတ်စုံပြည့်ဝတ်ဆင်ကုသတာတွေ့ရပြီး သူကိုယ်တိုင်လည်း နှာခေါင်းစည်းကို အချိန်ပြည့် တပ်ဆင်နေထိုင်ရတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Suhaimi Abdullah

ဓာတ်ပုံ ပုံစာ,

ဝူဟန်ဗိုင်းရပ်စ်ကြောင့် စိုးရိမ်တကြီးနဲ့ စားသောက်ကုန်အပါအဝင် လူသုံးကုန်တွေကို ဝယ်ယူတာတွေကြောင့် ဈေးဝယ်စင်တာတွေမှာ ကုန်ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

အထက်ပါအမျိုးသမီးဟာ သူ့အိမ်ရှင်နဲ့အတူ စင်ကာပူမှာ နေ့တိုင်း ဈေးရောင်းထွက်ရပြီး နေရာစုံ ရောက်ရ သလို လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် ဒီကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ဖြစ်ပွားတယ်လို့ သတင်းတွေကြားရတည်းက စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့သူဌေးကို နှာခေါင်းစည်းတွေ တပ်ဖို့ တောင်းဆိုပေမဲ့ သူဌေးကလည်းမတပ်သလို သူ့ကိုလည်း မဝယ်ပေးဘူးလို့ ပြောပါတယ်။ လက်ကိုတော့ မကြာခဏဆေးလေ့ရှိတယ်လို့ သူက ဆိုပါတယ်။

အိမ်ရှင်ဖြစ်သူ စတင်ဖျားနာလာစဉ်မှာဆေးခန်းပြဖို့ တိုက်တွန်းခဲ့ပေမယ့် အိမ်ရှင်က လက်မခံခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

သူ့အိမ်ရှင် သူဌေးမက ဖေဖော်ဝါရီ ၈ ရက်ညပိုင်းမှာ ဆက်သွယ်လာပြီး နေကောင်းလားဆိုတာအခြေအနေမေးကြောင်းနဲ့ အိမ်ရှင်က ဆေးခန်းပြမပြကိုရော မမေးဖြစ်လိုက်ဘူးလို့ သူက ဆက်ပြောပါတယ်။

စင်ကာပူက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စဉ် ၃ ခုမှာတရုတ်ပြည်မကြီးကို ခရီးသွားခဲ့ဖူးတာ မရှိတဲ့အပြင် အရင်ကူးစက်မှုဖြစ်စဉ်တွေနဲ့ ဆက်နွှယ်မှုမရှိကြောင်း တွေ့ရှိခဲ့ရလို့ ဖေဖော်ဝါရီ ၇ ရက် ကစပြီး ဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ရတဲ့အခြေအနေကို လိမ္မော်ရောင်အဆင့် ထိ စင်ကာပူ အစိုးရက တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Suhaimi Abdullah

ဓာတ်ပုံ ပုံစာ,

နှာခေါင်းစည်းတွေဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ စင်ကာပူပြည်သူတွေ

ဖေဖော်ဝါရီ ၈ ရက်အထိ စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄၀ ဦးရှိနေပြီလို့ သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ စင်ကာပူမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာရောင်းချဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။