ရခိုင်က မူလတန်းကလေးတွေ လက်နက်ကြီးထိတဲ့ကိစ္စ အရပ်ဖက်အဖွဲ့တွေ ကြေညာချက်ထုတ် ကန့်ကွက်

ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံပို့ရတဲ့ လေးတန်းကျောင်းသူကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Kaung Myat Naing/MPA

ဓာတ်ပုံ ပုံစာ,

ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံပို့ရတဲ့ လေးတန်းကျောင်းသူကို တွေ့ရစဉ်

ဘူးသီးတောင်မှာ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့လို့ ဆေးရုံတင်ထားရတဲ့ လေးတန်းကျောင်းသူကို ရန်ကုန်မှာ လွှဲပြောင်းကုသဖို့ရှိမရှိ မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်မှ သိရမယ်လို့ ကျောင်းသူရဲ့ဖခင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမွီးချောင်းကျေးရွာက မူလတန်းသင်စာသင်ကျောင်းပေါ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အဲဒီမှာစာသင်ကြားနေတဲ့ ကလေးငယ် ၂၁ ဦး ဒဏ်ရာ ရခဲ့တာပါ။

အဲဒီထဲကမှ ဒီလေးတန်းကျောင်းသူ ရရှိထားတဲ့ဒဏ်ရာတွေဟာ ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသနိုင်ခြင်းမရှိတဲ့အတွက် ဖေဖော်ဝါရီ ၁၅ ရက်က စစ်တွေမြို့နယ်ဆေးရုံကို လွှဲပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

ကလေးရဲ့ ဘယ်ဘက်ပါးရိုးအပေါ်နားမှာ ဒဏ်ရာရထားတာဖြစ်ပြီး အရေးပေါ်အခြေအနေကြောင့် အခုလိုလွှဲပြောင်းရတာမဟုတ်ဘဲ ဘူးသီးတောင်မြို့နယ် ဆေးရုံမှာ ကုသပေးနိုင်တဲ့ အင်အားမရှိလို့ စစ်တွေကို လွှဲရတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kaung Myat Naing/MPA

ဓာတ်ပုံ ပုံစာ,

ဆေးရုံရောက်တဲ့ ကလေး ၁၇ ယောက်မှာ ၁၅ ယောက်က ဒဏ်ရာမပြင်းထန်လို့ ပြင်ပလူနာဌာနမှာပဲ ကုသပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကလေးရဲ့မိဘတွေကတော့ သူတို့ကလေးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ပူပန်နေကြပါတယ်။

အခုလို စစ်တွေကို ပို့ဆောင်လိုက်တဲ့အတွက် ကျောင်းသူရဲ့ မိခင်က စစ်တွေထိ မလိုက်လာနိုင်ဘဲ ဖခင်ဖြစ်သူကပဲ ဆေးရုံကို လိုက်ပါပြုစုနေပါတယ်။

လေးတန်းကျောင်းသူအတွက် ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးက ဆေးကုသမှုစရိတ်ထောက်ပံ့တာရှိပြီး ခမွီးချောင်းကျေးရွာက ဆရာတော်တစ်ပါးကလည်း ကူညီပေးတယ်လို့ ကျောင်းသူရဲ့ဖခင် ဦးထွန်းမောင်ကပြောပါတယ်။

ဘူးသီးတောင်ဆေးရုံမှာရှိနေတုန်း အစိုးက ရငွေကျပ် ငါးသောင်း လာရောက်ပေးအပ်ခဲ့တာရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဘူးသီးတောင်ဆေးရုံဘက်က ပါးရိုးမှာပဲ ဒဏ်ရာရတယ်လို့ပြောပေမယ့် ဖခင်ဦးထွန်းမောင်ကတော့ သမီးဖြစ်သူဟာ ပါးနဲ့ လည်ပင်နားမှာ တစ်ချက်စီ ဒဏ်ရာရထားပြီး ပါးက ဒဏ်ရာကြောင့် အစားအသောက်စားလို့မရဘဲ ရေလည်း နည်းနည်းပဲ တိုက်လို့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ဒီနေ့(ဖေဖော်ဝါရီ ၁၆) တော့ ကလေးက နည်းနည်းသက်သာတယ်။ ပါးစပ်နည်းနည်းဟလို့ရတော့ ဆန်ပြုတ်လေး နည်းနည်းချင်းကို ဖြည်းဖြည်း တိုက်တယ်။ မနက်ဖြန် (ဖော်ဖော်ဝါရီ ၁၇) ရက်မှာ ဓာတ်မှန်ရိုက်ရမယ် ပြောတယ်။ ဓာတ်မှန်ရိုက်ပြီးမှ ဒီမှာပဲ ကုမလား။ ရန်ကုန်လွှဲမှာလား သိရမယ်လို့ ဆေးရုံကပြောတယ်" လို့ ဦးထွန်းမောင်က ပြောပါတယ်။

ဒီလက်နက်ကြီးထိမှန်မှုမှာ ဦးထွန်းမောင်ရဲ့ လေးတန်းကျောင်းသူသမီးအပြင် သားဖြစ်သူ နှစ်တန်းကျောင်းသားလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာ မပြင်းထန်လို့ ဆေးရုံတက်စရာမလိုဘူးလို့ ဘူးသီးတောင်ဆေးရုံက ပြောတာကြောင့် အိမ်မှာပဲ ထားထားတယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကြီးကျည်ထိလို့ ဒဏ်ရာရတဲ့ကျောင်းသား ၁၇ ယောက်ကို ဘူးသီးတောင်ဆေးရုံမှာ ကုသပေးခဲ့ပြီး ၁၅ ဦးက မစိုးရိမ်ရတဲ့ပြင်ပဒဏ်ရာဖြစ်လို့ ဆေးရုံတက်စရာမလိုတဲ့အတွက် အိမ်ပြန်လွှတ်ခဲ့တာ လို့ ဒေါက်တာစောမင်းသိန်းကပြောပါတယ်။

ကျန်တဲ့နှစ်ယောက်ဖြစ်တဲ့ လေးတန်းကျောင်းသူနဲ့ နှစ်တန်းကျောင်းသူနှစ်ဦးကတော့ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားတာဖြစ်ပါတယ်။ အဲဒီထဲက လေးတန်းကျောင်းသူကို စစ်တွေကိုလွှဲလိုက်တာဖြစ်ပြီး နှစ်တန်းကျောင်းသူကတော့ ခြေထောက်မှာဒဏ်ရာရထားပြီး မစိုးရိမ်ရပေမဲ့ ဖြစ်တဲ့နေ့က သွေးထွက်လွန်လို့ ဆေးရုံတင်ထားတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kaung Myat Naing/MPA

ဓာတ်ပုံ ပုံစာ,

ဒဏ်ရာရကလေးငယ်တစ်ဦး

အခုလက်နက်ကြီးကျည်ကျတဲ့စာသင်ကျောင်းရှိတဲ့ ခမွီးချောင်းကျေးရွာဟာ ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက်က ခမီတိုင်းရင်းသားတွေ သီးသန့် နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပြီး ခမီမျိုးနွယ်စု ကလေးငယ်တွေ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

အခုလို ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားပြီး စာသင်ကြားနိုင်တဲ့ အနေအထားမရှိတော့ဘူးလို့ သိရပါတယ်။

စာသင်ကျောင်းပေါ်လက်နက်ကြီးကျအောင် ကျူးလွန်သူတွေကို တာဝန်ယူတာဝန်ခံစေပြီး ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါသံရုံးတို့က ကြေညာချက် အသီးသီး ထုတ်ပြန်ထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတစ်ရာကျော်ကလည်း ဒီလို ကလေးငယ်တွေထိခိုက်ဒဏ်ရာရမှုအပေါ် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ တရားဝင်တောင်းပန်ဖို့ ဖေဖော်ဝါရီ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ,

အခုလို ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားပြီး စာသင်ကြားနိုင်တဲ့ အနေအထားမရှိတော့

လက်နက်ကိုင်တိုက်ပွဲတွေအတွင်း စာသင်ကျောင်း၊ ဆေးရုံအပါအဝင် ပြည်သူတွေကို ထိခိုက်စေတာ၊ ပစ်မှတ်အဖြစ် ထားရှိတာတွေကို ကမ္ဘာ့နိုင်ငံတွေက ပြင်းထန်စွာ တားမြစ်ထားတဲ့အပြင် ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုလည်းမြောက်တယ်လို့ နိုင်ငံတကာဥပဒေတွေကို ကိုးကားပြီး ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

ဆရာများအဖွဲ့ချုပ် (MTF)နဲ့ ပညာရေးလုပ်သားများသမဂ္ဂကလည်း ကျောင်းနဲ့ ကျန်းမာရေးပရဝုဏ်အတွင်း စစ်ဖြစ်ပွားမှုရှောင်ရှားကြဖို့ ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်ဘေးသင့်ကလေးငယ်တွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို သက်ဆိုင်ရာက တာဝန်ယူကုစားပေးဖို့လိုပြီး နောက်ထပ် ဒါမျိုး ထပ်မဖြစ် အောင်ရှောင်ရှားဖို့ အလွန်အရေးကြီးတယ်လို့ MTF ကဆိုပါတယ်။

ဒီလက်နက်ကြီးကျည်ကျတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ရော ရက္ခိုင့်တပ်တော်အေအေကပါ အပြန်အလှန်စွပ်စွဲထားသလို သူတို့ လက်ချက် မဟုတ်ဘူးလို့လည်း ငြင်းဆိုထားပါတယ်။

တပ်မတော်နဲ့ရက္ခိုင့်တပ်တော်အေအေတို့ရဲ့ တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်နဲ့ ဒဏ်ရာရ အရပ်သား အရေအတွက်တွေ ဆက်လက်မြင့်တက်လာသလို စစ်ရှောင်ဒုက္ခသည်အရေအတွက်တွေလည်း တိုးလာနေပါတယ်။