ကိုဗစ်၁၉-စိန်မင်းသမီးအပျော်စီးသင်္ဘောပေါ်က ခရီးသည်နှစ်ဦး သေဆုံး

ဒီသင်္ဘောပေါ်က လူ ခြောက်ရာကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီသင်္ဘောပေါ်က လူ ခြောက်ရာကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံထားရတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်နှစ်ဦး သေဆုံးသွားပါတယ်။ သေဆုံးသူနှစ်ဦးဟာ ဂျပန်နိုင်ငံသား၊ အသက် ၈၀ ကျော်အရွယ် စုံတွဲဖြစ်တယ်လို့လည်း ဂျပန် ပြည်တွင်း သတင်းတွေက ဆိုပါတယ်။

ဒီအပျော်စီးသင်္ဘောပေါ်က အနည်းဆုံး လူ ၆၂၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ် ကူးစက်မှုအများဆုံးပမာဏလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်မှာတော့ ကူးစက်ပျံ့နှံ့မှုနှုန်း သိသိသာသာ ကျဆင်းနေပါတယ်။

စိန်မင်းသမီး (Diamond Princess) အပျော်စီးသင်္ဘောပေါ်မှာ လူပေါင်း ၃,၇၀၀ ကျော် လိုက်ပါလာပြီး အဲဒီထဲက ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိသူတွေကို မနေ့က ဖေဖော်ဝါ ရီ ၁၉ ရက်မှာ သင်္ဘောပေါ်က ဆင်းခွင့်ပြုခဲ့ပါတယ်။

အဲဒီလူတွေကိုတော့ ၁၄ ရက်ကြာ သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ပိုးကင်းစင်တဲ့ ခရီးသည်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာလည်း သင်္ဘောပေါ်က ဆက်လက် ဆင်းသက်ခွင့်ပြုဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဗိုင်းရပ်စ်ကင်းစင်သူတွေကို သင်္ဘောပေါ်က ဆင်းသက်ခွင့်ပြုခဲ့ပါတယ်။

အခုသေဆုံးသူခရီးသည်နှစ်ဦးကတော့ ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက သင်္ဘောပေါ်က ဆင်းခွင့်ရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်မှု ဆက်မြင့်တက်နေတဲ့အတွက် စိန်မင်းသမီး အပျော်စီးသင်္ဘောပေါ်က ရောဂါစောင့်ကြပ် ကြည့်ရှုမှု အခြေအနေအပေါ်မှာ ဝေဖန်မှုတွေ တိုးလာနေပါတယ်။

ခရီးသည်တွေနဲ့ သင်္ဘောအမှုထမ်း အနည်းဆုံး ၅၄၀ လောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားခဲ့တဲ့ အပျော်စီး သင်္ဘောတစ်စင်းပေါ်မှာ ရောဂါ စောင့်ကြည့်စစ်ဆေးပုံနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဂျပန် ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဂျပန်နိုင်ငံ ကိုဘေးတက္ကသိုလ်ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ကန်တာရို အိုင်ဝါတာ ဟာ အဲဒီသင်္ဘောကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သူ ဖြစ်ပါတယ်။

Image caption သင်္ဘောပေါ်က ရောဂါစောင့်ကြပ်ကြည့်ရှုမှုတွေကို အားမရဘူးလို့ ဒေါက်တာကန်က ပြောပါတယ်။

ဂျပန်အစိုးရ လုပ်ဆောင်တဲ့ ရောဂါစောင့်ကြည့်စစ်ဆေးပုံ လုပ်ထုံးလုပ်နည်းတွေနဲ့ လူတွေကို သီးသန့်ခွဲခြားထားပုံတွေအရ အဲဒီခရီးသည်တွေမှာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း အသေအချာ မပြောနိုင်ဘူးလို့ ဒေါက်တာ ကန်တာရို က ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတစ်ဦးကတော့ အလွန်ရှုပ်ထွေးတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်တယ်လို့ ဒေါက်တာ ကန်တာရိုရဲ့ ပြောကြားချက်အပေါ် တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ကတော့ ဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်ဖို့ဆောင်ရွက်မှုတွေဟာ လုံလောက်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။

တရုတ်နိုင်ငံကတော့ ဒီဗိုင်းရပ်စ်ဟာ သက်ကြီးရွယ်အိုတွေကို ပိုပြီး သေဆုံးနိုင်စေတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်နိုင်ငံပြင်ပမှတော့ အခုစိန်မင်းသမီးအပျော်စီးသင်္ဘောပေါ်က ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် စုစုပေါင်း ကူးစက်မှု ၁,၀၀၀ ကျော် ရှိနေပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူပေါင်း ၂,၁၁၈ ဦး၊ ကူးစက်ခံထားရသူ ၇၅,၀၀၀ ကျော်နဲ့ ကုသမှုခံယူပြီး ပြန်ကျန်းမာလာသူ ၁,၀၀၀ ကျော်ရှိပါတယ်။

တရုတ်နိုင်ငံပြင်ပမှာတော့ အခုစိန်မင်းသမီးအပျော်စီးသင်္ဘောပေါ်က ဗိုင်းရပ်စ်ကူးစက်မှု အပါအဝင် စုစုပေါင်း ကူးစက်မှု ၁,၀၀၀ ကျော် ရှိနေပါတယ်။

အီရန်မှာတော့ ဒီဗိုင်းရပ်စ်နဲ့ လူနှစ်ဦးသေဆုံးတယ်လို့ ပြောကြားထားပြီး ဒါဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံး ဒီဗိုင်းရပ်စ်နဲ့ လူသေဆုံးမှုလည်း ဖြစ်လာပါတယ်။

ပြင်သစ်၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့မှာလည်း ဒီဗိုင်းရပ်စ်နဲ့ လူတစ်ဦးစီ သေဆုံးထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အက်ပဲလ် ကုမ္ပဏီ လုပ်ငန်း ထိခိုက်

ဒီသတင်းနဲ့ပတ်သက်သမျှ