ဂျာမနီက ပစ်ခတ်မှုနှစ်ခုမှာ လူရှစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, YANN SCHREIBER
လူရှစ်ဦးသေဆုံးပြီး လူငါးဦး ဒဏ်ရာရခဲ့ပါတယ်။
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့အနီးက ဟန်နောင်းမြို့မှာ ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူရှစ်ဦးသေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ၊ ဗုဒ္ဓဟူးနေ့ ညနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုမှာ အနည်းဆုံး လူငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှု သံသယရှိသူကိုတော့ သူ့ရဲ့နေအိမ်မှာ အလောင်းတစ်လောင်းနဲ့အတူ သေဆုံးလျက်တွေ့ရတယ်လို့ ရဲက ပြောပါတယ်။
ဒီပစ်ခတ်မှုမှာ တခြားပူးပေါင်းပါဝင်ကျူးလွန်သူမရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ပထမပစ်ခတ်မှုတစ်ခုဟာ မြို့လယ်ခေါင်က ဘားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒုတိယပစ်ခတ်မှုကတော့ မြို့တွင်းက ဘားတစ်ခုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုမှာ သေနတ်သမားကို သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရတယ်လို့ရဲက ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ရဲတွေက ဒီပစ်ခတ်မှုမှာ သေနတ်သမား အများကြီးရှိမယ်ဆိုတဲ့အထင်နဲ့ မြို့တွင်းမှာ ခုနစ်နာရီကြာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း သတင်းတွေအရ သံသယတရားခံ သေနတ်သမားဟာ ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံအချိန်မှာ ရှီရှာဘားမှာ လူသုံးဦးကို သတ်ပစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ အရီနာဘားနဲ့ ကဖေးဆိုင်ကို ကားမောင်းသွားခဲ့ပြီး လူငါးဦးကို ပစ်သတ်ခဲ့ပြီး ဖြစ်ပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဧရိယာအတွင်းမှာ သူ့အဖေနဲ့ သူ့အစ်ကိုတို့ ရှိနေခဲ့တယ်လို့ ပစ်ခတ်မှု တစ်ခုကို မြင်တွေ့ခဲ့ရတဲ့ ကန်လူကာဖရီဆန်နာက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, YANN SCHREIBER
Arena bar & cafe က ပစ်ခတ်မှုမှာတော့ လူငါးဦး သေဆုံးခဲ့ရပါတယ်။
"ရုပ်ရှင်ရိုက်နေတာနဲ့ တူတယ်။ ဒါက ဆိုးရွားတဲ့ ဟာသတစ်ခု လိုပါပဲ။ တစ်ယောက်ယောက်က လာနောက်နေသလိုပဲ။ ဘာတွေဖြစ်သွားတာလဲဆိုတာ နားတောင်မလည်နိုင်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလည်း အဲဒီလိုပဲ ခံစားနေကြတယ် " လို့ သူက ရိုက်တာ သတင်းဌာနကို ပြောခဲ့တာပါ။
အခုပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ဟန်နောင်းမြို့ဟာ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့နဲ့ ၂၅ ကီလိုမီတာ ကွာဝေးတဲ့ ဂျာမနီအနောက်ပိုင်းက မြို့တစ်မြို့ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုဟာ ဘာလင်မြို့မှာ ပြီးခဲ့တဲ့လေးရက်က လူတစ်ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားအပြီး ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဘာလီဗုံးခွဲခဲ့သူနဲ့ ခံခဲ့ရသူတွေရဲ့ မိသားစုတွေ့ဆုံ