ဥရောပသမဂ္ဂရှူးမန်းဆု-မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးနဲ့ သံချပ်အဖွဲ့ ရရှိ

လေးနှစ်အတွင်း ဥရောပသမဂ္ဂက မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ၁၀ ယောက်ကျော်ကို ဒီဆုချီးမြှင့်ထားပြီးဖြစ်ပါတယ်။ ဓာတ်ပုံ မူပိုင် YeMyo/MPA
Image caption လေးနှစ်အတွင်း ဥရောပသမဂ္ဂက မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ၁၀ ယောက်ကျော်ကို ဒီဆုချီးမြှင့်ထားပြီးဖြစ်ပါတယ်။

ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဥရောပသမဂ္ဂမြန်မာ ရဲ့ ၂၀၂၀ အတွက် ရှူးမန်းဆုရသူတွေကို ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ကြေညာခဲ့ပါတယ်။

ဒီနှစ် ရှူးမန်းဆုကို လူ့အခွင့်အရေးလှုပ်ရှားသူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ အမျိုးသမီးအရေး လှုပ်ရှားသူ တအာန်းတိုင်းရင်းသူ လွေးပိုးငယ်နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ ရရှိခဲ့ပါတယ်။

အဲဒီထဲက ဦးကြီးမြင့်နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ တပ်မတော်ရဲ့ တရားစွဲဆိုခံထားရတဲ့သူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EU Myanmar
Image caption ဖွဲ့စည်းပုံပြင်ရေး ဟောပြောချက်ကြောင့် တပ်က ဦးကြီးမြင့်ကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲထားပါတယ်။

ရှေ့နေဦးကြီးမြင့်ကို ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့နဲ့အတူ ကော့သောင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ ပုဒ်မ ၅၀၅ နဲ့ တပ်က တရားစွဲဆိုထားပါတယ်။ အခုတော့ အာမခံနဲ့ အမှုကို ဆက်လက်ရင်ဆိုင်နေရဆဲပါ။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ သံချပ်ထိုးရာမှာ တပ်မတော်ကို ဝေဖန်တဲ့ သံချပ်စာသားတွေကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ စုစုပေါင်း အမှုရှစ်မှုနဲ့ တပ်က တရားစွဲထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် YeMyo/MPA
Image caption သံချပ်ထိုးလို့ တပ်က အမှုပေါင်း ရှစ်မှုနဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့သူတို့ရဲ့ သတ္တိရှိမှုအတွက် အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂမြန်မာ(အီးယူမြန်မာ) က ပြောပါတယ်။

လွေးပိုးငယ်ကတော့ တအာန်းတိုင်းရင်းသူတစ်ဦးဖြစ်ပြီး အမျိုးသမီးတွေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားမှုတွေကြောင့် အခုလို သူ့ကို ရှူးမန်းဆု ချီးမြှင့်တာလို့ ဥရောပသမဂ္ဂ မြန်မာက ဆိုပါတယ်။

သူဟာ လက်ရှိမှာ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ လည်း ဖြစ်သလို တအာန်းအမျိုးသမီးအဖွဲ့အစည်းမှာလည်း လုပ်ကိုင်နေပါတယ်။

ဓာတ်ပုံ မူပိုင် EU Myanmar
Image caption အမျိုးသမီးအခွင့်အရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ လွေးပိုးငယ် ပြော

"တိုင်းရင်းသားဒေသမှာ အသံတွေထွက်ဖို့ အခွင့်မသာတဲ့ အမျိုးသမီးတွေ ကိုယ်စားရော ကျွန်မတို့လို လူနည်းစုဖြစ်တဲ့ အမျိုးသမီးတွေ အတွက်ရော လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အမျိုးသမီးတွေ အတွက်ပါ ဒီထက်ပို အသံကျယ်ကျယ်လောင်လောင်နဲ့ ပိုပြောနိုင်ဖို့ ဒီဆုကို ပေးတယ်လို့ ကျွန်မ ယူဆပါတယ်" လို့ လွေးပိုးငယ်က ဘီဘီစီကို ပြောပါတယ်။

ကိုယ်ယုံကြည်ရာကို တစ်စိုက်မတ်မတ် ပြောရဲဆိုရဲမှုကြောင့် ဒီလို ဆုချီးမြှင့်ခံရတာဖြစ်ပြီး အမျိုးသမီး အခွင့်အရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ သူက ပြောပါတယ်။

"သံချပ်အဖွဲ့တစ်ဖွဲ့အတွက် မြတ်နိုးတန်ဖိုးထားရတာက သံချပ်ဆုပါ။ လူ့အခွင့်အရေးဆုကတော့ သံချပ်အနုပညာနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ခံရမှုတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဒီဆုကို ဒေါင်းတို့မျိုးဆက်ကို ပေး တယ်လို့ ထင်ပါတယ်။ ခုလို အီးယူလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဖွဲ့ဝင်နိုင်ငံတွေက အသိအမှတ်ပြုပြီး ဆုတံဆိပ် ပေးတာက အင်အားဖြစ်စေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခု လွှတ်တော် အမတ်တွေ၊ တစ်ချိန်ကတော့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေပေါ့။ သူတို့ အသံတိတ်နေတဲ့အချိန်မှာ အခုလို နိုင်ငံတကာက ဒီဆုပေးတဲ့အတွက် အင်အားဖြစ်စေပါတယ်" လို့ သံချပ်အဖွဲ့ဝင် ကိုနန်းလင်းက ဘီဘီစီကို ပြောပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၃ ခုနှစ်သင်္ကြန်ကာလတည်းက သံချပ်စထွက်ခဲ့တာဖြစ်ပြီး အခုလို အဖွဲ့ဝင်တချို့ကို တရားစွဲဆိုထောင်ချတာမျိုးတွေ လုပ်ခံထားရပေမယ့် လာမယ့်သင်္ကြန်ကာလမှာ သံချပ် ဆက်ထွက်ဖို့ ကြိုးစားမှာ ဖြစ်ပြီး သံချပ်အဖွဲ့ရဲ့ မူလ ပုံစံကနေ သွေဖယ်သွားမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

"ဒေါင်းတို့မျိုးဆက်ကတော့ ပြည်သူတွေရှေ့ကို ပုံစံတစ်မျိုးနဲ့ ပြန်ရောက်လာမှာပါ။ ခေတ်စနစ်နဲ့ အမြီး အမောက်မတည့်မှုတွေ ၊ လက်ရှိတာဝန်ယူနေတဲ့အစိုးရရဲ့ အလွဲအချော်တွေ၊ ဖွဲ့စည်းပုံပြင်ဖို့၊ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ နောက်ဆုံးကတော့ စစ်တပ်ရဲ့ နိုင်ငံရေးအရလွှမ်းမိုးမှုတွေ၊ စီးပွားရေးအရ ခြယ်လှယ်မှုတွေ သရော်တဲ့ဟာတွေကို တောက်လျှောက် တင်ဆက်လာတာပါ။ ဒါက ဒေါင်းတို့မျိုးဆက်ရဲ့ပုံစံပါပဲ။ လာမယ့်သင်္ကြန်မှာ သံချပ် ထွက်ရင်လည်း ဒီပုံစံကနေ သွေဖယ်သွားဖို့မရှိဘူး" လို့ ကိုနန်းလင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YeMyo/MPA
Image caption မြန်မာနိုင်ငံဆိုင်ရာအီးယူသံအမတ်ကြီး အဖွင့်မိန့်ခွန်းပြောကြားစဉ်

ဥရောပသမဂ္ဂဟာ ဒီရှူးမန်းဆုကို ၂၀၁၇ ခုနှစ်တည်းက စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအပါအဝင် ငြိမ်းဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်ဂျာနန်းနဲ့ ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်နဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ခင်သန်းထွေးတို့ ရရှိခဲ့ပါတယ်။

၂၀၁၉ မှာတော့ ကျားမရေးရာနဲ့ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေး ထောက်ခံအားပေးသူ ဦးအောင်ကျော်မိုးနဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ ရရှိထားပါတယ်။