ကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးလာနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ကိုရိုနာဗိုင်းရပ်စ် လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းက ပိုများလာ

ဓာတ်ပုံ ရင်းမြစ်, ADEK BERRY/AFP via Getty Images

ဓာတ်ပုံ ပုံစာ,

ကိုရိုနာဗိုင်းရပ်စ် လက်ရှိ တရုတ်ပြည်တွင်း ပြန့်ပွားနှုန်းထက် တခြားနိုင်ငံတွေမှာ ပြန့်ပွားနှုန်းက ပိုများလာ

(၁) ကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉ ဆ ပိုတိုးလာ

တရုတ်မှာ စတင်ဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကမ္ဘာတဝန်း နိုင်ငံတွေမှာ ကူးစက်မှုပိုမိုများလာပြီး ဒါဟာ တရုတ်နိုင်ငံထဲ ကူးစက်မှုထက် တရုတ်ပြင်ပမှာ ကူးစက်မှုက ၉ ဆ ပိုများလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။

"ဗိုင်းရပ်စ် ကူးစက်မှုဟာ အဆမတန်များနေပေမဲ့ ထိန်းချုပ်နိုင်ပါတယ်" လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒ်ဟာနန် ဂေဘရပ်ဆိုက ပြောပါတယ်။

အီတလီမှာတော့ မတ်လ ၂ ရက်နေ့ တနေ့တည်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၃၄ ဦးကနေ ၅၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ကူးစက်သူကတော့ ၁၇၀၀ ကျော် ရှိနေပါပြီ။

ဆော်ဒီအာရေးဗျ၊ တူနီးရှား၊ မော်ရိုကိုနဲ့ ဆီနီဂေါနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလာနေပြီး ဆော်ဒီမှာ ကူးစက်ခံရတဲ့ အမျိုးသားဟာ ဗိုင်းရပ်စ်ကြောင် လူသေဆုံးမှုတွေအထိ ရှိခဲ့တဲ့ အီရန်နိုင်ငံကနေ ပြန်လာသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယားမှာဒီဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းက မြန်ဆန်ကြီးထွားလာနေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၉၃၁ ဦးရှိနေပြီး တစ်ရက်တည်းမှာပဲ ကူးစက်သူအသစ် ၆၀၀ နီးပါးရှိခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂ ရက်နေ့မှာ သေဆုံးသူ ၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း သေဆုံးသူက ၆ ဦး ရှိနေပြီ ဖြစ်ပါတယ်။ ကူးစက်ခံထားရသူကတော့ အယောက် ၁၀၀ အထိ ရှိလာနေပါတယ်။

တခါ ဂျာမနီက ဘာလင်နဲ့ ရုရှားက မော်စကိုမြို့တွေမှာလည်း ရောဂါပိုးကူးစက်သူတွေ ရှိလာနေပြီး ပြင်သစ်က ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံးလည်ပတ်တဲ့ Louvre ပြတိုက်ကိုလည်း ပိတ်ထားရပါတယ်။

လောလောဆယ်မှာ ဗိုင်းရပ်စ်ဟာ ကမ္ဘာနိုင်ငံပေါင်း ၆၂ နိုင်ငံကို ကူးစက်မှုတွေ ရှိနေပြီး သေဆုံးသူ ၃၂၁၃ ဦးနဲ့ ပိုးကူးစက်သူက ၉ သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

(၂) ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကို ဆိုက်ကပ်မယ့် အပျော်စီးသင်္ဘောကို ဝင်ခွင့်မပြု

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ,

မြန်မာနိုင်ငံမှာ ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအပေါ် နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေချိန်မှာပဲ မြန်မာနိုင်ငံကို မတ်လ ၄ ရက်နေ့မှာ ဆိုက်ကပ်ဖို့ ရှိနေတဲ့ ကမ္ဘာလှည့်အပျော်စီးသင်္ဘောကို ဆိုက်ကပ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အပျော်စီးသင်္ဘောဟာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ဝင်ရောက်ခဲ့မှာဖြစ်လို့ မြန်မာကို ဝင်ခွင့်မပြုဖို့ အကြုံပြုတာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကမ္ဘာလှည့်ခရီးစဉ်တွေကို ပိတ်ပင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စည်းကမ်းထုတ်ထားတာ မရှိပေမဲ့ ဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ဖို့ ခုလို လုပ်ဆောင်ရတာလို့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ့က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဂျပန်မှာ ဆိုက်ကပ်ခဲ့တဲ့ ဒိုင်းမွန်းပရင့်စက် အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၆၀၀ ကျော် ရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူတချို့ ရှိခဲ့ပါတယ်။

စင်္ကာပူမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မြန်မာအိမ်အကူ အမျိုးသမီးနဲ့ ပတ်သက်လို့ ၂ နိုင်ငံချင်း အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မြန်မာလုပ်သားတစ်ဦးပျောက်ဆုံးနေတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။

ဘေဂျင်းက မြန်မာသံရုံးတာဝန်ရှိသူကတော့ ဒီမြန်မာလုပ်သားဟာ အရင်ကတည်းက အဆုတ်ရောဂါနဲ့ ဆေးရုံတက်ကုသဖူးသူဖြစ်ပြီး ပျောက်ဆုံးနေတဲ့အပေါ် ဆက်လက် စုံစမ်းနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ်လ ၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး၊ စောင့်ကြည့်လူနာ ၄၂ ဦး၊ စုစုပေါင်း ၄၅ ဦး ရှိပြီး ရောဂါဖြစ်ပွားသူတော့ မရှိသေးဘူးလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

(၃) ကွတ်ခိုင်မှာ ကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ,

မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ငွေကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ ၂၉ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့တွေမှာ ကောင်းခါးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေအပြင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်မှာလည်း ပိုင်ရှင်မဲ့ ဖမ်းမိတာတွေ ရှိခဲ့ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ စိတ်ကြွဆေးပြားတွေ၊ ဘိန်းဖြူဆပ်ပြာခွက်တွေနဲ့ အတူ မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဂတ်စ်မီးဖို၊ ဓာတုဆေးရည်၊ ဆေးပြားရိုက်စက်၊ ဆေးပြားရေတွက်စက်၊ အမှုန့်ကြိတ်စက် စတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားပေမယ့် ဒေသတွင်းမှာ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေကိုတော့ မကြာခဏ ဖမ်းဆီးရမိမှုတွေ ရှိနေပါတယ်။