အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်ကတရားစွဲ

ဦးမောင်ကျော်ဇံ

ဓာတ်ပုံ ရင်းမြစ်, AMYOTHAR HLUTAW

ဓာတ်ပုံ ပုံစာ,

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ

ဘူးသီးတောင်မြို့နယ်က ရခိုင်အမျိုးသားပါတီ (ANP)ဝင် ၊ရခိုင်ပြည်နယ် အမှတ် (၉) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို တပ်မတော်က ၆၆ (ဃ)နဲ့ တရားစွဲ လိုက်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ မတ်လ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် တရားရုံးမှာ တပ်မတော်က တရားစွဲဆိုလိုက်တာပါ။

ဒီအမှုကို ဘူးသီးတောင်မြို့နယ် ရဲစခန်းကတော့ လက်ခံလိုက်ပြီ ဖြစ်ကြောင်းနဲ့ သူ့ဆီကို အသိပေး အကြောင်းကြားလာတာတွေရှိတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ က တပ်မတော်ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ဘူးသီးတောင်မြို့နယ် ကင်းတောင် ကျေးရွာမှာ အရပ်သား အမျိုးသမီးနှစ်ဦး သေဆုံးတယ်၊ လူ၇ ယောက်ဒဏ်ရာ ရတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းဋ္ဌာနကိုဖြေတာနဲ့ပတ်သက်ပြီး တရားစွဲတာပါလို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘီဘီစီကိုပြောပါတယ်။

"ရိုက်တာက ကျွန်တော်ကိုမေးတော့ အဲဒီနေ့က လက်နက်ကြီးတွေကျတာသိလားဆိုတော့ သိတယ်၊အရပ်ဘက်သတင်းတွေကြားနေရတာကတော့ တပ်မတော်က ပစ်လို့သေတယ် လို့ပြောနေကြတယ် လို့ဖြေလိုက်တယ်၊ ကျွန်တော်ကတိုက်ရိုက်ပြောလိုက်တာတော့မဟုတ်ဘူး၊ တစ်ဆင့်ကြား နေရတယ်လို့ ဖြေလိုက်တာပါ" လို့ သူ ကပြောပါတယ်။

သူ့ကိုတရားစွဲထားသူ ကတော့ တပ်မတော်က ဒုဗိုလ်မှူးကြီးပြည့်စုံအောင်ဖြစ်ပြီး ရိုက်တာ သတင်းဌာနကိုပါ သူနဲ့ အတူ တရားစွဲထားတယ်လို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။

ဒီလို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအပေါ် တရားစွဲဆိုရခြင်းနဲ့ ပတ်သက်ပြီးသူကို့စွဲရတာက ကင်းတောင် ရွှာ မှာဖြစ်တာကို တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်အရပ်သားများသေဆုံးလို့ရေးထားတာရှိပါတယ်။ အဲဒါကြောင့်သူ့ကို တရားစွဲတာပါလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဘီဘီစီကို ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် အရှေ့မြောက်ဘက် ကင်းတောင် မွတ်ဆလင်ကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၁ နာရီလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူနှစ်ဦးဟာ အသက် ၁၈ နှစ်အရွယ် မနိုရ်ဘာဟာနဲ့ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်သည် ဒေါ်အူမာဟာဘီဖြစ်တယ်လို့ သူတို့ မိသားစုတွေက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီပစ်ခတ်မှုက အေအေဘက်က ပစ်တာလို့ ပြောသလို အေအေဘက်လည်း တပ်မတော်ဘက်က ပစ်တာလို့ ပြောခဲ့ပါတယ်။

တပ်ကတရားစွဲထားတဲ့ ပုဒ်မ ၆၆ (ဃ) ဟာ "ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း" အတွက် ထောင်ဒဏ် ချမှတ်နိုင်တဲ့ ပြစ်မှုဆိုင်ရာဥပဒေတစ်ခု ဖြစ်ပါတယ် ။

၂၀၁၇ ခုနှစ်မှာတော့ လွှတ်တော်မှာ ဥပဒေကိုပြင်ဆင်လိုက်ပြီး ပြစ်ဒဏ်ကို အရင်က ထောင်ဒဏ် ၃ နှစ် အထက်လို့ သတ်မှတ်ထားရာကနေ ၂ နှစ် အထိလို့ ပြောင်းလဲလိုက် သလို ဒီအမှုနဲ့ စွဲခံရရင် အာမခံ လျှောက်ထားပိုင်ခွင့် လည်းရသွားပါတယ်။

ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုပေမယ့် ဦးမောင်ကျော်ဇံဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်တာကြောင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထိ ခွင်ပြုချက် ယူရမှာ ဖြစ်ပါတယ်။

ဦးမောင်ကျော်ဇံ အနေနဲ့ လည်း ဒီကိစ္စကို ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီကိုလည်း တိုင်ကြားထားပြီး ဥပဒေနဲ့ အညီ ရင်ဆိုင် ဖြေရှင်းသွားမယ်လို့ သူက ပြောဆိုပါတယ် ခင်ဗျား။