ရွေးကောက်ပွဲနဲ့ တွဲလုပ်မယ့် ဆန္ဒခံယူပွဲအစီအစဥ်ကို လွှတ်တော်ရွှေ့ဆိုင်း

ကျပ်သန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကုန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က တင်ပြ

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ,

ကျပ်သန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကုန်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က တင်ပြ

၂၀၀၈ အခြေခံဥပဒေထဲက ပုဒ်မ ၂ ခုပြင်ဆင်ရေး အတွက် လွှတ်တော်က သဘောတူထားတဲ့ ပုဒ်မ၂ခုကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲခွဲဖို့ အစီစဥ်ကို ပြည်ထောင်စုလွှတ်တော် က မေလ ၂၀ ရက်နေ့က ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒီပုဒ်မတွေကတော့ အခြေခံဥပဒေပုဒ်မ ၃၂(က) နဲ့ (ခ)တို့ ဖြစ်ပါတယ်။

ပုဒ်မ ၃၂ ၊ ပုဒ်မခွဲ(က)နဲ့ (ခ) မူလပြဋ္ဌာန်းချက်တွေထဲက အိုမင်းမစွမ်းသူများ ဆိုတဲ့နေရာမှာ သက်ကြီးရွယ်အိုများဆိုပြီး ပြင်ဆင်မှု၊ မသန်မစွမ်းဆိုတဲ့နေရာတွေမှာ မသန်စွမ်းဆိုပြီး ပြင်ဆင်မှုတွေ ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ လွှတ်တော်က သဘောတူထားခဲ့တာပါ။

ဒီပုဒ်မတွေကို ပြင်ဆင်ဖို့ လာမယ့်၂၀၂၀ ရွေးကောက်ပွဲနဲ့ ပူးတွဲကျင်းပဖို့ စီစဥ်ခဲ့ပေမယ့် မဲပေးခန်း အပါအဝင် မဲရုံဝန်ထမ်း၃ဦး ၊မဲစာရင်း၊ မဲလက်မှတ်၊ ရုံးသုံးစာရေးကိရိယာတွေ လိုအပ်မှာဖြစ်ပြီး ဒီမဲတွေ သယ်ယူပို့ဆောင်ရေး၊ ရေတွက်ရေးနဲ့ မဲရလဒ် အတည်ပြု ထုတ်ပြန်ရေးတို့လည်း လိုအပ်မှာ ဖြစ်တာကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း တစ်သောင်းလေးထောင်ကျော် ကုန်ကျဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က မေလ ၂၁ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ,

ပြီးခဲ့တဲ့ မတ်လ အတွင်း ပြင်ဆင်ရေးအတွက် မဲခွဲကြစဥ်

ဒီဥပဒေတွေနဲ့အတူ အရင် လွှတ်တော်တုန်းကပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ ၅၉ ပုဒ်မခွဲ ဃ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ 'စစ်ရေးအမြင်' အစား 'ကာကွယ်ရေးအမြင်' လို့ ပြင်ဆင် ဖို့ ကိုလည်းလွှတ်တော်က ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးခဲ့ပါတယ်။။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ပြီး ပြင်ဆင်ရမယ့်အချက်တွေဟာ လွှတ်တော်၊ အစိုးရ နဲ့ နိုင်ငံရဲ့လုပ်ငန်းတွေအပေါ် ပြောင်းလဲမှုနဲ့ အကျိုးသက်ရောက်မှု များစွာမရှိခြင်းနဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှု အခြေအနေတို့ကြောင့် နောင်မှာပေါ်ပေါက်လာမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာတွေနဲ့အတူ ဆန္ဒခံယူပွဲကျင်းပရင် ပိုမိုသင့်တော်မယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က မေလ ၂၁ ရက်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းပါ ပုဒ်မ ၄၆၃(က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မတွေကို အတည်ပြုပြင်ဆင်နိုင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံချက်ပေး ပြင်ဆင်ဖို့လိုအပ်တာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၉ ဇန်နဝါရီလ ကတည်းက စတင်ပြင်ဆင်ပြီး တစ်နှစ်ကျော်အကြာ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး နောက် အချက်၂ ချက်ကို သဘောတူနိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw

ဓာတ်ပုံ ပုံစာ,

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးနိုင်သူ အရေအတွက်ရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေ၊ တပ်မတော်သား အစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အားလုံးပါဝင်တဲ့ အချိုးကျစနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ပူးပေါင်း ကော်မတီ ကို ၂၀၁၉ ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုဖွဲ့စည်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ကိုယ်စားလှယ်တွေ နုတ်ထွက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၀၀ ကျော်ကို အဲဒီ ပူးပေါင်းကော်မတီက အစီရင်ခံစာတရပ် ပြုလုပ်ပြီး ၂၀၁၉ ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

၂၀၂၀ မတ်လထဲမှာ တော့ ၂၀၀၈ အခြေခံဥပဒထဲက အခြေခံဥပဒေပုဒ်မ ၃၂(က) နှင့် (ခ) ပုဒ်မ ၂ ခု ပြင်ဆင် ရေးအတွက် သဘောတူနိုင်ခဲ့ပါတယ်။

အခုလို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လွှတ်တော်က ရွှေ့ဆိုင်းလိုက်တဲ့အတွက် အဲဒီပုဒ်မတွေဟာ ပြင်ဆင်လို့မရသေးဘဲ အရင်အတိုင်း ဆက်ပြီး တည်ရှိနေမှာဖြစ်ပါတယ်။။