ဆန္ဒပြ လူစုလူဝေး နေရာတွေကို မသွားဖို့ နယူးယောက်က မြန်မာတွေကို ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်တဲ့အကြောင်း အပါအဝင် မနက်ခင်းသတင်းများ

နယူးယောက်က ဆန္ဒပြပွဲတစ်ခု
ဓာတ်ပုံ ပုံစာ,

နယူးယောက်က ဆန္ဒပြပွဲတစ်ခု

(၁) ဆန္ဒပြလူစုလူဝေး နေရာတွေကို မသွားဖို့ နယူးယောက်က မြန်မာတွေကို ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်

အမေရိကန်ပြည်ထောင်စုက မြို့ကြီးတွေမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် ထုတ်ပြန်ထားတဲ့ ည ၈ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို လိုက်နာကြဖို့ လူစုလူဝေး ဖြစ်တဲ့ နေရာတွေကို မသွားကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ နယူးယောက်မှာ ရှိတဲ့ မြန်မာကျောင်းသား ကျောင်းသူတွေနဲ့ မြန်မာအသိုင်းအဝိုင်းကို အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

နယူးယောက်မြို့ ဧရိယာအတွင်း နေထိုင်ကြသူတွေဟာ လုံခြုံရေးအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့ နေအိမ်အတွင်းမှာပဲ နေကြဖို့၊ ထုတ်ပြန်ထားတ့ အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာအမိန့်တွေကို လိုက်နာကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မလွှဲမရှောင်သာလို့ လူစုလူဝေးနဲ့ ကြုံတွေ့ခဲ့ရင်လည်း လူအုပ်ကနေ ထွက်ခွာနိုင်ဖို့ လိုက်နာဆောင်ရွက်နိုင်မယ့် အကြံပြုချက်တွေလည်း ဖော်ပြထားပြီး အရေးပေါ် ကိစ္စရပ်တွေ၊ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်တွေ ကြုံခဲ့ရင်လည်း အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရဲက ဖမ်းဆီးထားစဉ် လူမည်းအမျိုးသား သေဆုံးခဲ့တဲ့အပေါ် မကျေနပ်လို့ နယူးယောက်၊ ဝါရှင်တန်ဒီစီ စတဲ့ မြို့ကြီးတွေနဲ့ ပြည်နယ်အတော်များများမှာ ဆန္ဒပြနေတာ ၇ ရက်တာ ရှိနေပြီ ဖြစ်ပါတယ်။ နယူးယောက်မှာတော့ ဆန္ဒပြသူတွေထဲက အကြမ်းဖက်သူတချို့ဟာ စတိုးဆိုင်ကြီးတွေ ဈေးဆိုင်တွေထဲ ဝင်ရောက် လုယက် ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

(၂) အမေရိကန်ပြည်ထောင်စု ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိဟောင်းတစ်ဦး သေနတ်အပစ်ခံရလို့ သေဆုံး

ဓာတ်ပုံ ပုံစာ,

ငြိမ်းချမ်းစွာဆန္ဒပြသူတွေလည်းရှိသလို မြို့တော်တော်များများမှာ လုယက်အကြမ်းဖက်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိ နဲ့ နယူးယောက် မြို့တွေမှာတော့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပေမယ့်လည်း အမိန့်ချိုးဖောက်ပြီး ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။

နိုင်ငံအနှံ့ဆန္ဒပြ မငြိမ်သက်မှုတွေ ဖြစ်ခဲ့ရာမှာ လော့စ်အိန်ဂျလိမှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ဖမ်းခဲ့ပြီး အဲ့ထဲမှာ ညမထွက်ရ အမိန့်ချိုးဖောက်သူ အများအပြားပါဝင်ပါတယ်။ လုယက်ဖျက်ဆီးမှုတွေကို ပျက်ကွက်ခဲ့တဲ့အပေါ် နယူးယောက် အာဏာပိုင်တွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အန်ဒရူးကိုမိုက ဝေဖန်ပြောကြားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို ရဲတွေက အကြမ်းဖက်နှိမ်နှင်းသလို ဆန္ဒပြတဲ့သူတွေကလည်း ပုလင်းခွံတွေနဲ့ ပြန်ပစ်တာ သေနတ်နဲ့ ပစ်တာတွေလည်း ရှိခဲ့ပါတယ်။ မစ်ဆူရီပြည်နယ်မှာဆိုရင် ပစ်ခတ်မှုတွေကြောင့် ရဲ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်က အသက် ၇၇ နှစ်အရွယ် အငြိမ်းစား ရဲအရှိဟောင်း တစ်ဦးဟာလည်း သေနတ်နဲ့အပစ်ခံရလို့ လမ်းဘေး ပလက်ဖောင်းမှာ လဲကျ သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား ရဲအရာရှိဟောင်းအတွက် သမ္မတထရမ့်ကလည်း ဂါရဝပြုခဲ့ပြီး မစ္စတာ ဒေးဗစ်ဒွန်းကို လူမြင်ကွင်းရှေ့ သေနတ်နဲ့ ပစ်ခံတာဟာ ဆူပူသူတွေရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ လက်ချက်ဖြစ်ပါတယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲတွေက အခုထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးတာ မရှိသေးပါဘူး။

နယူးယောက် မြို့လယ်ခေါင်မှာတော့ ဆန္ဒပြနေတဲ့ လူအုပ်ရှေ့ မတ်တပ်ရပ်နေတဲ့ ရဲအရာရှိ တစ်ယောက်ကို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။

လူမည်းအမျိုးသား မစ္စတာ ဂျော့ဖလွိုက် ရဲတွေလက်ထဲ သေဆုံးခဲ့မှုအပေါ် တရားမျှတမှု တောင်းဆိုဆန္ဒပြပွဲတွေကတစ်ဆင့် အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေ အမေရိကန်က မြို့ကြီးလေးဆယ်ကျော်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်တဝန်း ညမထွက်ရ အမိန့်တွေနဲ့ လုံခြုံရေးအင်အားတိုးပြီး ဆောင်ရွက်နေတဲ့ ပြည်နယ်က ၂၉ ခု ရှိနေပါတယ်။

(၃) ကိုဗစ်-၁၉ အတည်ပြု လူနာတွေ ထပ်တိုး၊ ၂၃၃ ဦးအထိ ရှိလာ

ဓာတ်ပုံ ပုံစာ,

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ရန်ကုန်မြို့လယ်မှာ ပိုးသတ်ဆေးဖျန်း

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ ဦးကို ဇွန်လ ၃ ရက်နေ့ မနက် ၇ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ထပ်မံ ထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံတဝန်း ပိုးကူးစက်သူ ၂၃၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အတည်ပြုလူနာသစ် ထိုင်းက ပြန်လာတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့က ဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ အတည်ပြုလူနာ ၄ ဦးကတော့ အိန္ဒိယနိုင်ငံကို သွားခဲ့တဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ တရုတ်နိုင်ငံကို သွားခဲ့တဲ့ ရှမ်းပြည်နယ် ရွာငံက အသက် ၃၁ အရွယ် အမျိုးသား ၁ ဦး၊ မလေးရှားကို သွားခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်က အသက် ၂၃ နှစ်အရွယ် အမျိုးသား ၁ ဦး နဲ့ ခရီးသွား ရာဇဝင် မရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်က အသက် ၃၀ အရွယ် အမျိုးသမီး တို့ဖြစ်ကြပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ပြည်ပက ဝင်လာသူတွေကို ဆေးစစ်တဲ့ ကျန်းမာရေး အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့လည်း ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်က မီဒီယာတွေကို ပြောထားပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၆ ဦး ရှိနေပြီ ဖြစ်ပါတယ်။