၁၃ နှစ်ပျောက်နေတဲ့ ယူကေက သုံးနှစ်သမီးကလေးအမှု သံသယရှိသူအသစ်တွေ့လာ

မက်ဒဲလ်လင်း မက်ကင်း (Madeleine McCann) ဟာ ပျောက်ဆုံးသွားခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ အသက် ၃ နှစ်အရွယ်ပါ

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ,

မက်ဒဲလ်လင်း မက်ကင်း (Madeleine McCann) ဟာ ပျောက်ဆုံးသွားခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ အသက် ၃ နှစ်အရွယ်ပါ

ဗြိတိန်နိုင်ငံက အသက် သုံးနှစ်အရွယ် မိန်းကလေး ပေါ်တူဂီမှာ ၂၀၀၇ခုနှစ်အတွင်း ပျောက်ဆုံးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာ ဂျာမနီနိုင်ငံသား တယောက်အကြောင်းကို အမှုကို စုံစမ်းထောက်လှမ်းနေတဲ့ စကော့တလန်ယာဒ်က ထုတ်ပြောလာပါတယ်။

ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ အခုတော့သူတို့အာရုံစိုက်နေကြတဲ့သူက အဲဒီကာလအတွင်း ပေါ်တူဂီတခွင်မှာ လှည့်လည်သွားလာနေခဲ့တဲ့ (အခုအချိန်မှာ) အသက် ၄၃ နှစ်အရွယ် ဂျာမန်အမျိုးသားတယောက် ဖြစ်ပါတယ်။

မိန်းကလေးငယ်တွေကို လိင်ရာဇဝတ်မှုတွေ ကျူးလွန်မှုနဲ့ ဂျာမနီက ထောင်တခုမှာ ထောင်ကျနေသူဖြစ်တဲ့ အဲဒီလူဟာ ဒီမိန်းကလေး မက်ဒဲလ်လင်း မက်ကင်း ပျောက်ဆုံးသွားတဲ့ အရပ်ဒေသအတွင်းမှာ အဲဒီအချိန်က ရှိနေခဲ့တယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။

ဂျာမနီတရားရုံးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို အကာအကွယ်ပေးတဲ့ စည်းမျဉ်းတွေအရ အဲဒီလူရဲ့ အမည်ကိုထုတ်ဖော်တာမျိုးတော့မရှိပါဘူး။

အဲဒီကာလက ဒီလူဟာ အရပ် ၆ ပေ၊ ခပ်သွယ်သွယ် ကိုယ်လုံးကိုယ်ထည်ရှိပြီး ဆံပင်ကတော့ ခပ်တိုတို၊ အရောင်ကတော့ ရွှေရောင်ဖျော့ဖျော့ အရောင်နဲ့လို့ ဆိုပါတယ်။

မက်ဒဲလ်လင်း ရဲ့ မိဘတွေဖြစ်တဲ့ ကိတ် နဲ့ ဂျယ်ရီ မက်ကင်းတို့က ရဲတွေကို ကျေးဇူးတင်ကြောင်းပြောပြီး "သူတို့ အမြဲတမ်းအလိုချင်အတောင့်တဆုံးက သူ့ကိုရှာတွေ့ဖို့ပါ" လို့ပြောပါတယ်။

ပေါ်တူဂီနိုင်ငံ အော်ဂါဗီ (Algarve) ဒေသအတွင်း ပရိုင်ရာ့ ဒု လွတ်ဇ် (Praia da Luz) အရပ်က တိုက်ခန်းတခုကနေ ကလေးငယ် မက်ဒဲလ်လင်း မေလ ၃ ရက် ၂၀၀၇ ခုနှစ် ညနေခင်းမှာပျောက်ဆုံးသွားတာပါ။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သူ့မိဘတွေက သူတို့မိတ်ဆွေတွေနဲ့အတူ အဲဒီအချိန်က အဲဒီနားက စားသောက်ဆိုင်တခုမှာပါ။ သူက အိပ်ပျော်နေတာမို့ အခန်းထဲမှာ ချန်ထားခဲ့တာဖြစ်ကြောင်း မိဘတွေက အဲဒီအချိန်က ပြောခဲ့ပါတယ်။

ဂျာမနီ နဲ့ ပေါ်တူဂီက ရဲတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ဗြိတိန်ရဲတွေက မက်ဒဲလ်လင်း အသက်ရှိနေသေးလား ဒါမှမဟုတ် ဆုံးပါးသွားပြီလား ဆိုတာကို ညွှန်းဆိုတဲ့ အထောက်အထားခိုင်ခိုင်မာမာ မရှိသေးတဲ့အတွက် ဒီအမှုကို လူပျောက်ဆုံးမှု အနေနဲ့ ဆက်လက်ထားထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဂျာမနီရဲတပ်ဖွဲ့ကတော့ လူသတ်မှုလို့ သတ်မှတ် စုံစမ်းစစ်ဆေးနေတာပါ။

"အခု မင်္သကာစရာ တယောက်အပြင် တခြားလူတွေလည်း ဒီအမှုမှာ ပါဝင်တယ်လို့ မှတ်ယူနိုင်တဲ့ အကြောင်းတွေရှိပါတယ်။ ဒီတခြားလူတွေဟာ ရာဇဝတ်မှုဖြစ်စဉ်ကို သိထားကြပြီး အလောင်းကို ဘယ်မှာထားခဲ့ကြသလဲဆိုတာတောင် သိနိုင်ပါတယ်" လို့ ဂျာမန်ရဲတွေက ပြောပါတယ်။

ရဲတွေက အဲဒီလူ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကား ၂ စီး (တစီးက VW camper van ကားဖြစ်ပြီး တစီးက ဂျက်ဂွာ (Jaguar) ကားပါ) နဲ့ပတ်သက်တဲ့ သတင်းတွေ၊ တခြားသိသမျှတွေကို ထုတ်ဖော်ပြောပေးဖို့ အများပြည်သူကို ပန်ကြားနေပါတယ်။

မက်ဒဲလ်လင်း ပျောက်ဆုံးပြီးနောက်နေ့မှာပဲ အဲဒီသူဟာ ဂျက်ဂွာ (Jaguar) ကားကို တခြားလူ နာမည်နဲ့ပြောင်းပြီး မှတ်ပုံတင်ခဲ့ပါတယ်။

အဲဒီ မင်္သကာဖွယ်ရာလူနဲ့ ပတ်သက်ခဲ့တဲ့ အိမ်တအိမ်ရဲ့ ပုံတွေကိုလည်း ရဲတွေက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, POLICE HANDOUT

ဓာတ်ပုံ ပုံစာ,

မက်ဒယ်လင်းပျောက်ဆုံးခဲ့ရာ ပရိုင်ရာ့ ဒု လွတ်ဇ် (Praia da Luz) အရပ်နား မှာ ရှိတဲ့အိမ်တအိမ်နဲ့ မသင်္ကာဖွယ်ရာလူ ဆက်စပ်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, POLICE HANDOUT

ဓာတ်ပုံ ပုံစာ,

အဲဒီအိမ်အတွင်းကို ဖော်ပြတဲ့ပုံတွေကိုလည်း ရဲတွေက ထုတ်ဖော်ပြထားပါတယ်

ဒီကလေးငယ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ဥရောပတခွင်မှာ ရဲတွေ ကျယ်ကျယ်ပြန့်ပြန့် လိုက်လံရှာဖွေတာတွေလုပ်ခဲ့ပြီး ၂၀၁၁ က စခဲ့တဲ့ ဗြိတိန်က ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကတင် စတာလင်ပေါင် ၁၁ သန်းကျော်ကုန်ကျခဲ့ပါတယ်။

အဲဒီအချိန်က အသက် ၃၀ နှစ်အရွယ် မသင်္ကာဖွယ်လူဟာ ၁၉၉၅ ကနေ ၂၀၀၇ ခုနှစ်ကြားက အချိန်တွေမှာ အော်ဂါဗီ (Algarve) ဒေသကို အကြိမ်များစွာသွားခဲ့တယ်၊ သူ့ရဲ့ ကားအိမ် (camper van) နဲ့လည်း "ဟိုနားနေလိုက်၊ ဒီနားနေလိုက်နဲ့ ရက်ပေါင်းများစွာနေခဲ့တယ်" လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဒီအမှုအတွက် စုံစမ်းထောက်လှမ်းမှုဆိုင်ရာ တာဝန်ခံဖြစ်တဲ့ ရဲထောက်လှမ်းရေး အရာရှိ မတ်ခ် ခရန်ဝဲလ်က ပြောပါတယ်။

ပရိုင်ရာ့ ဒု လွတ်ဇ် (Praia da Luz) အရပ်မှာ မက်ကင်းမိသားစုနေခဲ့စဉ်ကာလနဲ့ ကလေးငယ်ပျောက်သွားစဉ်တုန်းအချိန်တွေက အဲဒီ မသင်္ကာစရာလူလည်း ရှိနေခဲ့တယ်။

သူဟာ အခင်းဖြစ်တဲ့ ညနေ ၇ နာရီ ၃၂ မိနစ်မှာ ဖုန်းလက်ခံစကားပြောခဲ့ပြီး စကားပြောတာ ၈နာရီ ၂ မိနစ်အထိကြာခဲ့ပါတယ်။

မက်ဒဲလ်လင်း ပျောက်ဆုံးချိန်ဟာ ည ၉နာရီ ၃၀ မိနစ်နဲ့ ည ၁၀ နာရီအချိန်ကြားလို့ ယူဆကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ကလေးနေခဲ့တဲ့နေရာတဝိုက်

ရဲတွေက မသင်္ကာဖွယ်ရာလူ အဲဒီတုန်းအချိန်က ကိုင်ခဲ့တဲ့ဖုန်းနံပါတ် (+351 912 730 680) ကိုလည်းထုတ်ပြန်ထားပြီး၊ သူ့ဆီကို ခေါ်ခဲ့တဲ့ဖုန်းနံပါတ်က (+351 916 510 683) ဖြစ်ကြောင်းလည်း အသေးစိတ်ပြောထားပါတယ်။

ဒီဖုန်းတွေဟာ ပေါ်တူဂီ မိုဘိုင်းဖုန်းတွေပါ။ ရဲတွေက ဖုန်းနံပါတ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက "အရေးကြီးတယ်" လို့ဆိုပါတယ်။

ဖုန်းခေါ်ခဲ့သူဟာ "အဓိကသက်သေ" ဖြစ်ပြီး ရဲတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ရဲအရာရှိ ခရန်ဝဲလ်က ပြောနေပါတယ်။

"သူလုပ်ခဲ့တာတွေကို ခင်ဗျားသိနိုင်ပါတယ်၊ အဲဒီအချိန်တုန်းက မက်ဒဲလ်လင်း ပျောက်ဆုံးခဲ့ပုံနဲ့ပတ်သက်ပြီး ခင်ဗျားကို အတွင်းရေးအနေနဲ့ သူပြောပြခဲ့ကောင်း ပြောခဲ့မှာပါ"

"အခုတော့ ၁၃ နှစ်ကြာလာခဲ့ပါပြီ၊ သူ့အပေါ် ခင်ဗျားကထားတဲ့ သစ္စာရှိမှုတွေလည်း ပြောင်းသွားနိုင်ပါပြီ"

"အရင်တုန်းက ရဲတွေကို ဆက်သွယ်ရမှာစိုးရိမ်တာမျိုးရှိခဲ့နိုင်ပေမယ့် အခု ဒီလူဟာ ထောင်ထဲမှာပါ၊ အခုအချိန်မှာ ခင်ဗျား ရှေ့ကိုထွက်လာပြီးပြောဖို့အချိန်ကောင်းပါ" လို့ ရဲအရာရှိက သက်သေကို လူရှေ့ ထွက်လာဖို့ ပန်ကြားနေပါတယ်။

ဗြိတိန်ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တဲ့ လူပေါင်း ၆၀၀ လောက်ရှိပြီး အခု ဒီမသင်္ကာသူက အဲဒီထဲက တယောက်လို့ဆိုပါတယ်။

အခု မသင်္ကာသူနဲ့ပတ်သက်ပြီး အဓိက ဦးဆောင်အမှုလိုက်နေတာက ဂျာမနီရဲတပ်ဖွဲ့ဖြစ်တယ်လို့လည်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ,

ကလေးနဲ့မိသားစုနေခဲ့တဲ့ The Ocean Club

ဓာတ်ပုံ ရင်းမြစ်, MET POLICE HANDOUT

ဓာတ်ပုံ ပုံစာ,

မသင်္ကာစရာလူ ပိုင်တဲ့ VW camper van ကိုလည်း ပရိုင်ရာ့ ဒု လွတ်ဇ် (Praia da Luz) အရပ်တဝိုက်မှာ တွေ့ဖူးကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, MET POLICE HANDOUT

ဓာတ်ပုံ ပုံစာ,

မသင်္ကာစရာလူက သူပိုင်တဲ့ ၁၉၉၃ မော်ဒယ် ဂျက်ဂွာ (Jaguar) ကား ကိုမက်ဒဲလ်လင်း ပျောက်ဆုံးပြီးနောက်နေ့မှာပဲ ပိုင်ရှင်နာမည်ပြောင်းခဲ့

ဒီ မသင်္ကာဖွယ်လူဟာ လိင်မှုဆိုင်ရာ ရာဇဝတ်မှုနဲ့ ထောင်ကျနေပြီး ကလေးတွေကို လိင်ပိုင်းကျူးလွန်တဲ့ အမှုတွေလည်း အတော်များများလုပ်ခဲ့တဲ့သူဖြစ်တယ်လို့ အခုတကြိမ်မှာ ဒီအမှုအတွက် လိုက်စရာလမ်းစကို ပြခဲ့တဲ့ ဂျာမနီ ဖက်ဒရယ် ရာဇဝတ်မှုခင်း ရဲဌာနက ပြောပါတယ်။

ဒီလူဟာ စားပွဲထိုးအလုပ် အပါအဝင်အလုပ်အတော်များများကို လုပ်ဖူးခဲ့တယ်လို့ မှတ်ယူနိုင်သလို၊ ဟိုတယ်တွေ၊ အားလပ်ရက်မှာ လာတည်းခိုကြတဲ့ တိုက်ခန်းတွေ၊ အပန်းဖြေရိပ်သာတွေမှာ ဖောက်ထွင်းခိုးယူတာတွေလုပ်ဖူးတယ်၊ မူးယစ်ဆေးဝါးကိစ္စတွေနဲ့လည်း ဆက်နွှယ်ဖူးတယ်လို့ ဂျာမနီရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယဖြစ်ဖွယ်ဒီလူဟာ မက်ဒဲလ်လင်းကို ဖမ်းခေါ်မသွားခင် တိုက်ခန်းထဲကို ဖောက်ထွင်းဝင်သွားခဲ့နိုင်တယ်လို့ ဂျာမနီ ရဲတပ်ဖွဲ့က ခရစ်ရှန် ဟော့ပီက မှန်းဆ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ,

မက်ဒဲလ်လင်း ပျောက်ဆုံးပြီး ၅နှစ်ပြည့်ချိန်ကာလက ကူညီရှာပေးကြဖို့ သူ့မိဘတွေ ပန်ကြားစဉ်က

"ရဲတွေကတော့ ဒါသိပ်ကိုထူးခြားတဲ့ လမ်းစအသစ်ပဲလို့ ပြောကြ၊ သုံးစွဲကြမှာပါပဲ။

အမှုဖြစ်ပွားတဲ့ ကာလက အဲဒီနေရာတဝိုက် မသင်္ကာစရာလူက နေခဲ့တာ၊ အခင်းဖြစ်ပြီးနောက်နေ့မှာပဲ သူ့ကားကို ပိုင်ရှင်ပြောင်းလိုက်တာ စတဲ့အချက်တွေကလည်း အလွန် သံသယဖြစ်စရာကောင်းတဲ့အချက်တွေဆိုတာ ငြင်းလို့မရပါဘူး။

ဒါပေမဲ့ အရင်တုန်းက ရခဲ့တဲ့ သဲလွန်စတွေ၊ လမ်းစတွေဆိုတာ နောက်ဆုံး အဖြေမရဘဲ အဆုံးသတ်လိုက်ရတာတွေ ရှိခဲ့တယ်" လို့ ဘီဘီစီ ပြည်ထဲရေးဆိုင်ရာ သတင်းထောက် ဒန်နီ ရှောက သုံးသပ်ပြောပါတယ်။

မက်ဒဲလ်လင်းရဲ့ မိသားစုတွေကတော့ "အမှန်တရားကို တွေ့ချင်တယ်၊ ကျူးလွန်ခဲ့သူတွေ တရားစီရင်မှုအရှေ့ကို ရောက်စေလိုတယ်"

"မက်ဒဲလ်လင်းကို အသက်ရှင်ရက်ပြန်တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ သူတို့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။

ငြိမ်းအေးမှုကို ရှာဖွေနေတာ ဖြစ်လို့ ဘယ်လိုအဖြေပဲ ထွက်လာပါစေ သိချင်ပါတယ်" လို့ ထုတ်ပြန်ကြေညာချက်က တဆင့် ပြောပါတယ်။