တပ်ကဖမ်းထားတဲ့ ကျောက်တော်၊အပေါက်ဝရွာသား နှစ်ဦး အကြမ်းဖက်မှုနဲ့တရားစွဲခံရ

no caption

တပ်မတော်က ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာသားငါးဦးအနက် နှစ်ဦးပြန်လွတ်လာပြီး နှစ်ဦးကို အကြမ်းဖက်မှုနဲ့ တရားစွဲခံရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ကျန်တစ်ဦးကတော့ ကားမောင်းသူ ဖြစ်ပြီးတော့ မောင်းလာတဲ့ ကားက လိုင်စင်မဲ့ ဖြစ်နေလို့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သူတို့ ငါးဦးဟာ ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်း ၈ နာရီလောက်မှာ ပုဏ္ဏားကျွန်းက သူငယ်ချင်းရဲ့အဖေ အသုဘကို ကားတစ်စီးတည်း အတူသွားကြရာမှာ ကျောက်တော်အခြေစိုက် ခလရ ၅၃၉ တပ်ရင်းကနေ ဖမ်းဆီးခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဦးဘိုကျော်သန်း ၃၃ နှစ်၊ ဦးသန်းဝင်းလှိုင် ၃၆ နှစ်၊ ဦးထွန်းအေးမောင် ၃၆နှစ်၊ ဦးအောင်နိုင်စိုး ၃၈ နှစ်၊ ဦးမြင့်ဇော်ဦး ၃၄ နှစ်တို့ဖြစ်ကြပြီး ဦးထွန်းအေးမောင်မှာ ကားသမားဖြစ်ကာ ကားအငှားလိုက်ပို့ရာမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က လူငယ်၈ဦးကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ က အေအေ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ပြီး အားပေးကူညီ ခဲ့တယ်လို့ဖော်ထုတ်ရရှိခဲ့တဲ့ အတွက် ကျောက်ဖြူရဲစခန်းကို စနစ်တကျ လွှဲပြောင်းပြီး အကြမ်းဖက်ဥပဒေနဲ့ အရေးယူခဲ့တယ် လို့လည် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျောက်တော် ကငါးဦးကို တပ်မတော်က ဖမ်းဆီးပြီး စစ်ဆေးမှုတွေပြလုပ်ရာမှာ သူတို့ထဲ့ က နှစ်ဦးဟာ ရက္ခိုင့်တပ်တော် အေအေနဲ့ဆက်စပ်တဲ့ အထောက်အထားတွေ တွေ့ရှိတယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့ ကျောက်တော်မြို့နယ်တရားရုံးမှာ ဇူလိုင် ၆ ရက်နေ့က တရားစွဲဆိုခံထားရတာလို့ သိရပါတယ်။

သူတို့ဟာ ရွာမှာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်ကြတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သူတို့ငါးဦးကိုတော့ ဖမ်းဆီးခံရပြီး တစ်ပတ်အကြာ ဇူလိုင် ၄ ရက်နေ့မှာ တပ်မတော်က ကျောက်တော်မြို့ရဲစခန်းကို လာရောက်အပ်နှံခဲ့တာဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့မှာ ကျောက်တော်အချုပ်ခန်းမှာမိသားစုတွေနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြန်လွတ်လာသူနှစ်ဦးမှာလည်း စစ်ကြောခံခဲ့ရချိန် ရိုက်နှက်ခံခဲ့ရတဲ့အတွက် ဒဏ်ရာဒဏ်ချက်တွေပါလာပြီး ပြန်လွတ်လာသူနှစ်ဦးထဲက ဦးအောင်နိုင်စိုးမှာ ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် အပေါက်ဝတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နှစ်နှစ်နီးပါး ကာလအတွင်း လူ နှစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး အခုလို ဖမ်းဆီးခံနေရသူတွေ ပိုမိုများပြားလာနေပြီး ဖမ်းဆီး စစ်ဆေးခံနေရချိန်မှာ ညှဥ်းပန်းရိုက်နှက်မှုတွေကြောင့် သေဆုံးသွားသူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။