ဘင်္ဂလားပင်လယ်ထဲက အန္တရာယ်များတဲ့ မြေနုကျွန်းပေါ်ရောက်နေတဲ့ ရိုဟင်ဂျာတွေ

ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု (၂၀၁၇ ခုနှစ် )
ဓာတ်ပုံ ပုံစာ,

ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု (၂၀၁၇ ခုနှစ် )

သက်တမ်းနုတဲ့မြေနုကျွန်းတကျွန်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ စီစဉ်မှုအရ သွားနေနေရတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေနဲ့ အတူပြန်နေနိုင်ရေးအတွက် အမြန်ပြန်ပို့ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က တောင်းဆိုနေပါတယ်။

လွန်ခဲ့တဲ့ မေလအတွင်းကတည်းက သူတို့ကို အဲဒီကျွန်းမှာ ထားရှိတာဖြစ်ပြီး ပင်လယ်ထဲမျောနေခဲ့တဲ့ အဲဒီ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ကျော်ကို ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ပြန့်ပွားမှုတားဆီးရေးအတွက် ဘာစန် ချာ (Bhasan Char) ကျွန်းကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကွာရန်တင်းလုပ်ဖို့ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဘာစန် ချာ (Bhasan Char) နုန်းမြေနုကျွန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စု အတွင်းလောက်ကမှ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ပေါ်ထွန်းလာတဲ့ ကျွန်းအသေးလေးတခုဖြစ်ပြီး ကမ်းခြေနဲ့ မိုင် ၃၀ ကျော် ဝေးပါတယ်။

ဒီကျွန်းဟာ မိုးရာသီဆိုရင် ရေကြီးရေလျှံလေ့ရှိတဲ့ ကျွန်းလို့လည်း ဆိုကြပါတယ်။

အထူးသဖြင့်အခုလို မုတ်သုန်ရာသီအတွင်းမှာ ရေကြီးတဲ့ဘေးများသလို မုန်တိုင်းအန္တရာယ်တွေလည်း ရှိတတ်တဲ့အတွက် ဒီကျွန်းပေါ်မှာနေရတာ နှစ်လ ကျော်လာပြီဖြစ်တဲ့ ရိုဟင်ဂျာမိသားစုတွေကို စခန်းတွေကို ချက်ချင်းပြန်ခေါ်ယူပေးဖို့ တိုက်တွန်းတာလို့ HRW က ဆိုပါတယ်။

HRW က အာရှဆိုင်ရာ ဒါရိုက်တာ ဘရက် အဒမ်က "ကမ္ဘာ့ကပ်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အကြောင်းပြပြီး မုတ်သုန်ရာသီချိန် ပင်လယ်ထဲက ကျွန်းသေးသေးထဲမှာ ဒုက္ခသည်တွေကိုထိန်းသိမ်းထားနေတယ်၊ ဒုက္ခသည်တွေရဲ့ မိသားစုတွေကလည်း သူတို့ရှိရာ စခန်းကို ပြန်လာနေစေချင်နေကြလို့ စိတ်ပူပင်စွာနဲ့ ဆုတောင်းနေကြရတယ်" လို့ ပြောပါတယ်။

အဲဒီကျွန်းပေါ်က ဒုက္ခသည်တွေ ကို ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီတွေပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုကိုလည်း အာဏာပိုင်တွေက ပိတ်ပင်နေတယ်လို့ HRW က စွပ်စွဲထားပါတယ်။

အဲဒီကျွန်းပေါ်ရောက်နေတဲ့ ဒုက္ခသည်တွေကို ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေဆီကို ပြန်ခေါ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်နဲ့ နိုင်ငံတကာ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ပန်ကြားခဲ့ကြဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေကတော့ အဲဒီ ရာနဲ့ချီရှိတဲ့ ရိုဟင်ဂျာ တွေကို စခန်းတွေဆီ ပြန်ခေါ်ရေးကို ပယ်ချထားခဲ့ပြီး အခုတကြိမ်မှာလည်း ငြင်းပယ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာ မာဘု အလမ် တယ်လုဒါ (Mahbub Alam Talukder) က Anadolu Agency သတင်းဌာနကို ပြောရာမှာ "ဒီ ရိုဟင်ဂျာတွေဟာ ကျွန်းလေးပေါ်မှာ ကောင်းကောင်းမွန်မွန်ရှိနေပြီး သူတို့နေနေရတဲ့ ဝန်းကျင်အနေအထားဟာလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိတယ်၊ အစိုးရကနေ သူတို့လိုအပ်တဲ့ အစားအစာနဲ့ အခြားအရာတွေကို ပုံမှန်ဖြည့်ဆည်းပေးနေတယ်"လို့ ထည့်သွင်းပြောခဲ့ပါတယ်။

HRW က သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့လည်း သူက ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်ကို ထောက်ပံ့နေရတာဖြစ်ကြောင်းပြောပြီး "ဒီကျွန်းလေးကို ရိုဟင်ဂျာ ၃၀၆ ယောက်ပဲ ပို့ထားတာ၊ အဲဒီကျွန်းမှာလည်း သဘာဝဘေးအန္တရာယ်တွေကို အကာအကွယ်လုပ်ထားပေးပြီး ကောင်းမွန်တဲ့ လူနေအိမ်ရာအခြေစိုက်နိုင်အောင်သူတို့ လုပ်ထားပေးထားတာ" လို့ ဆိုပါတယ်။

ဒီမြေနုကျွန်းပေါ်ကို ဒုက္ခသည်တွေပြောင်းရွှေ့ထားမယ့်အရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေက စိုးရိမ်တာတွေ ရှိနေတာပါ။

အဲဒီကျွန်းကို ၂၀၁၉ ဇန်နဝါရီလအတွင်းက အဲဒီအချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တာဝန်ယူထားတဲ့ မစ္စ ယန်ဟီးလီ သွားရောက်လေ့လာခဲ့ပြီး အဲဒီကျွန်းဟာ"လူတွေ တကယ်နေထိုင်လို့ ဖြစ်နိုင်ပါ့မလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။