တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု တရားမျှတမှု တောင်းဆိုသူတွေကို အရေးယူမယ်

ခွင့်ပြုချက်မဲ့ဆန္ဒဖော်ထုတ်မှုနဲ့ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေတို့နဲ့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူသုံးဦးကို အရေးယူမယ်လို့ဆို
ဓာတ်ပုံ ပုံစာ,

ခွင့်ပြုချက်မဲ့ဆန္ဒဖော်ထုတ်မှုနဲ့ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေတို့နဲ့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူသုံးဦးကို အရေးယူမယ်လို့ဆို

တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးမှုအပေါ် တရားမျှတမှုရရှိရေး ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ဒေသခံ အများအပြား ဇူလိုင် ၁၀ ရက် မနက်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဲဒီ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ သုံးဦးကို ခွင့်ပြုချက်မဲ့ဆန္ဒဖော်ထုတ်မှုနဲ့ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေတို့နဲ့ အမှုဖွင့်အရေးယူမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူ ဒေသခံ တစ်သောင်းခွဲလောက်ရှိခဲ့ပြီး ဆန္ဒပြလူထုကို ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့က မြို့တွင်းကို ပေးမဝင်ခဲ့ဘဲ တားဆီးခဲ့တယ်လို့ ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်သူ စိုင်းထမ်းအိုက်က ဘီဘီစီကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကျောက်မဲမြို့တွင်း ဝင်ရောက်ခွင့်ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်မှုက ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး "အဓိကကတော့ သေဆုံးသွားသူအတွက်၊ ကျူးလွန်ခံရသူအတွက် တရားမျှတမှုရဖို့အတွက်ပေါ့။ နောက်တစ်ခုက နောက်နောင် ဒီလို မဖြစ်အောင် သံဃာတော်နဲ့ လူထု အင်အားပြတဲ့ ပုံစံမျိုး။

နိုင်ငံရေးက လူထုအင်အားကလွဲရင် ဘာမှ မတတ်နိုင်ဘူး။ တရားမျှတမှု ရခဲ့တာ တစ်ခုမှ မရှိဘူး။ ဒီလိုမျိုးပုံစံနဲ့ လူအင်အားနဲ့ ခဏ၊ခဏ ဖိအားပေးနိုင်မှပဲ အပြောင်းအလဲ လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ စိုင်းထမ်းအိုက်က ပြောပါတယ်။

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ တပ်မတော်က သတင်းထုတ်ပြန်ရာမှာတော့ ဒေသခံအင်အား ၂၂၀၀ ဦးခန့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အဲဒီဆန္ဒပြပွဲကို ပြည်နယ်အစိုးရက ခွင့်မပြုကြောင်း ဇူလိုင် ၁၀ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ဒီဆန္ဒပြပွဲဟာ ဇွန်လ ၂၉ ရက် က တပ်နဲ့ RCSS/SSA တို့ ကျောက်မဲမြို့နယ်၊ ပန်ကျင်ရွာတစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တောင်ယာလုပ်သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးတာဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်လို့ဆိုပြီး ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ပုံစာ,

ဆန္ဒဖော်ထုတ်သူတွေ ယာဥ်အစီး ၅၀ လောက်နဲ့ လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား

အဲဒီတိုက်ပွဲမှာ အသက် ၅၀ ကျော် အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ် ၁၉ ကာလလူစုလူဝေးမလုပ်ဖို့၊ လူငါးဦးနဲ့အထက် ပိုမစုဖို့ ညွှန်ကြားထားချိန် ခုလို လူအင်အားအ များအပြား၊ ယာဉ်မျိုးစုံနဲ့ သုံးနာရီခွဲခန့်ကြာဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဒီပွဲကိုဦးဆောင်သူ သုံးဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ(၁၈) တို့နဲ့ သက်ဆိုင်ရာက အမှုဖွင့်အရေးယူမယ်လို့လည်း ပါရှိပါတယ်။

အရပ်သားသေဆုံးမှုဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့်လို့ ဒေသခံတွေက ပြောဆိုတာနဲ့ ပတ်သက်ပြီး တိုက်ပွဲ ဖြစ်ခဲ့တာတော့ ရှိပြီး လူသေဆုံးမှုကိုတော့ မသိရှိရသေးကြောင်း၊ တိုင်ကြားမှုရှိရင် စုံစမ်းစစ်ဆေးမှာ ဖြစ်ပြီး အဖြစ်မှန်ရင် လျစ်လျူရှုထားတာ မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မဲခရိုင်လွှတ်တော်ကိုယ်စားလှယ်လေးဦးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားပြီး ကော်မရှင်ကဘက်တော့ ပြန်လည်အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။