ဗစ်တိုးရီးယားအမှု - ကိုအောင်ကြီးရဲ့ တရားစွဲဆိုမှု ရဲတပ်ဖွဲ့ ညှိနှိုင်းမှာ မဟုတ်

ကိုအောင်ကြီး
ဓာတ်ပုံ ပုံစာ,

ဗစ်တိုးရီးယား အမှုမှာ ကိုအောင်ကြီးဟာ သံသယ တရားခံ အဖြစ်ဖမ်းဆီးခံခဲ့ရ

နေပြည်တော်က WisdomHill မူကြိုကျောင်းက သုံးနှစ်အရွယ် ကလေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမှုမှာ သံသယတရားခံအဖြစ် ၆ လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှုတွေအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုထားတဲ့အမှုကို ညှိနှိုင်းမှာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အကြောင်းပြန်ခဲ့ပါတယ်။

ကိုအောင်ကြီးဘက်ကလည်း ညှိနှိုင်းဖို့အတွက် တစုံတရာ ကမ်းလှမ်းတာ မရှိတာကြောင့် ဒီအမှုကို တရားမအမှု လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားမယ်လို့ တရားလိုရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

"အမှုသဘာဝအရ ရုံးရှေ့မှာကိုပဲ နှစ်ဘက်ညှိမလားဆိုပြီးမေးတော့ မညှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ ညှိနှိုင်းရေးအရာရှိဆီကို သွားကိုသွားပြီး သဘောထားပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းရေးအရာရှိ ရှေ့မှာပဲ ကိုအောင်ကြီးကော၊ ဒုရဲမှူးကြီး ဝင်းမြင့် နှစ်ယောက်လုံးက ညှိနှိုင်းဖို့ မလိုအပ်ဘူး။ မဖြစ်နိုင်ဘူးလို့ ပြောတော့ ရုံးကို ပြန်ပို့လိုက်ပါတယ်။ အဲဒီတော့ ဒီအမှုက ဆက်ပြီးသွားဖို့ ရှိတယ်။ ညှိတာနှိုင်းတာ မရှိပါဘူး။ တဖက်ကလည်း ဘာမှ မကမ်းလှမ်းပါဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှ မကမ်းလှမ်းပါဘူး။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကိုယ်စားလှယ်စာ ပါဝါ တင်ပါမယ်။"

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးကို တရားစွဲဆိုခံထားရတဲ့ ရဲချုပ်ကိုယ်တိုင် ဒီကနေ့ လာရောက်ခဲ့ခြင်းမရှိဘဲ သူ့ကိုယ်စား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒုရဲမှူးကြီးဝင်းမြင့် လာရောက်ခဲ့တာပါ။

ဒီအမှုကို တရားမအမှုပုံစံအတိုင်း ဆက်သွားမယ်လို့ နှစ်ဘက်လုံးက ဆုံးဖြတ်ခဲ့တာကြောင့် ခရိုင်ဥပဒေအရာရှိ တဦးဦးကို အကူအညီတောင်းပြီး တရားပြိုင်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်သွားမယ်လို့ ဒုရဲမှူးကြီးဝင်းမြင့်က ပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဇော်က သတင်းထောက်တွေကို အတည်ပြုပါတယ်။

ဓာတ်ပုံ ပုံစာ,

နှစ်ဖက် ညှိနှိုင်းမှု မရှိခဲ့လို့ ဒီအမှုကို တရားမအမှု လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားမယ်လို့ တရားလိုရှေ့နေ ဦးခင်မောင်ဇော်ပြော

နောက်တခေါက် ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီရုံးချိန်းမှာတော့ ရဲတပ်ဖွဲ့ဘက်က တာဝန်ပေးတဲ့ ရှေ့နေက ကိုယ်စားလှယ်စာတင်မှာ ဖြစ်ပါတယ်။

အဲဒီရှေ့နေရဲ့ မေးမြန်းချက်တွေ၊ စာရွက်စာတမ်း ထပ်မံတောင်းကြည့်တာတွေကို အဆင်သင့်ဖြစ်အောင် တရားရုံးဘက်က ညွှန်ကြားထားတယ်လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီအမှုအမျိုးအစားအရ ရက်ပိုင်း ၅၄၀ အတွင်း အပြီးသတ် စစ်ဆေးရမယ့်အမှုလို့ တရားသူကြီးက သတ်မှတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ ဦးခင်မောင်ဇော်ကတော့ တရားလွှတ်တော်ချုပ်အထိ တက်ရတဲ့အဆင့်ထိ ဖြစ်လာရင် သတ်မှတ်ကာလထက် ကျော်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဘာမှ ပြဿနာမရှိရင် တနှစ်ခွဲအတွင်း ပြီးနိုင်ပါတယ်။ ဒါပေမဲ့ တခါတခါမှာ မူလရုံးကနေ စစ်လိုက်တဲ့ စာရွက်စာတမ်းတခု သွင်းသင့်မသွင်းသင့် ပြဿနာ တခုခု အဲဒါတွေကို အပေါ်ရုံးတွေ အဆင့်ဆင့် တက်လို့ တရားလွှတ်တော်ချုပ်အထိ တက်ရတယ်ဆိုရင် ၅၄၀ ထက်လည်း ကျော်သွားတတ်တယ်။"

ဓာတ်ပုံ ပုံစာ,

ရက်ပိုင်း ၅၄၀ အတွင်း အပြီးသတ် စစ်ဆေးရမယ့်အမှုလို့ တရားသူကြီးက သတ်မှတ်

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ သံသယတရားခံအဖြစ် ၆ လကျော်ကြာ ဖမ်းဆီးတရားစစ်ဆေးတာခံခဲ့ရတဲ့ ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုးဟာ ပြစ်မှုမထင်ရှားတဲ့အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ မမှန်မကန် တရားစွဲဆို ချုပ်နှောင်ခံခဲ့ရတဲ့အတွက် သူ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုနဲ့ ငွေကြေးကုန်ကျမှုတွေအတွက် နစ်နာကြေး ကျပ်သိန်း ၅၀၀၀ ရယူလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားမမှုအဖြစ် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တန်ပြန်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က အခုအချိန်ထိ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးသလို ဗစ်တိုရီးယားအမှုနဲ့ ပတ်သက်လို့လည်း အခုအချိန်ထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ဗစ်တိုရီးယားအမှုမှာ အဓိက တာဝန်ရှိသူ ရဲအရာရှိကြီး ၃ ဦးကို ပြည်ထဲရေးဝန်ကြီးဌာနက ရာထူးတိုးမြှင့်မှု ဆိုင်းငံ့တဲ့ပြစ်ဒဏ် ပေးထားတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် အစောပိုင်းက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုထားပါတယ်။