တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ အပါအဝင် လေးဦးကို အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ စွဲချက်တင်

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ အပါအဝင် လေးဦးကို အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ တောင်ကုတ်မြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ အမှုရင်ဆိုင်နေရတဲ့ စည်ပင်ကော် မတီဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် လေးဦးကို တောင်ကုတ်မြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၂၆ ရက် မှာ စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံနေရသူတွေကတော့ တောင်ကုတ်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီ ANP မြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်းနဲ့ ဦးဇေယျကျော်ရဲ့ ညီ ကိုမိုက်ကယ် (ခ) ကိုစည်သူကျော်ဇံတို့ ဖြစ်ကြပါတယ်။

အဲ့ဒီလေးဦးတို့ဟာ ၂၀၂၀ မေလ ၂၅ ရက်နေ့မှာ စတင်ဖမ်းဆီးခံရပြီး အေအေအဖွဲ့ကို ဆက်သွယ်ကူညီနေတယ် ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)နဲ့ တရားစွဲဆိုခံနေကြရတာ ဖြစ်ပါတယ်။

တရားလိုသက်သေ ၁၃ ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်းပေါင်း ၂၆ ကြိမ်ခန့် ရှိခဲ့ပြီလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရပြီး ကိုးလကျော်အကြာအမှုရင်ဆိုင်နေခဲ့ရာကနေ ဒီကနေ့ရုံးချိန်းမှာတော့ တောင်ကုတ်မြို့နယ်တရားရုံးက သူတို့လေးဦးကို စွဲဆိုထားတဲ့ပုဒ်မနဲ့ငြိစွန်းပေါ်ပေါက်ချက်အရ စွဲချက်တင်လိုက်တာဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။

သူတို့လေးဦးကို တရားလိုပြုတရားစွဲဆိုထားသူကတော့ စစ်တွေမြို့ အမှတ် ၁၂ အထူးသတင်းတပ်ဖွဲ့က ရဲမှူးဇော်မြင့်ထွန်း ဖြစ်တယ်လို့ သိရပါတယ်။

အမှုရင်ဆိုင်နေကြရတဲ့ လေးဦးကို ဖမ်းဆီးချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့အချိန်ကာလ ဖြစ်ပြီး အေအေအပေါ်မှာ ထောက်ပံ့ကူညီမှု တွေရှိနေတယ်ဆိုပြီးတော့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

"ဒီအမှုက ကြားလည်းကြာနေပြီ၊ ကိုဗစ်ကာလမှာလည်း ရုံးချိန်းတွေနောက်ဆုတ်ခဲ့ရတော့ နစ်နာမှုတွေရှိနေတယ်။ အဲ့ဒီအတွက် မြန်မြန်ဆန်ဆန်လေး ပြီးစေချင်တယ်။ ဒီနေ့မှာ ကျွန်တော်တို့ဘက်ကတော့ လွတ်မယ်လို့ မျှော်လင့်ထား ခဲ့ကြတယ်။ ဒါပေမယ့် အခုက စွဲချက်တင်လိုက်တယ်။ ဆိုတော့ စောဒကတက်မယ်ဆိုရင်တော့ တက်စရာတွေအများကြီးပဲ၊ ဒါပေမယ့် သည်းခံနေတယ်ပေါ့။ အမှုတော့အမြန်ဆုံးပြီးစေချင်ပါတယ်။"လို့ ဦးဝေသောင်းရဲ့သား ကိုဖြိုးဝေလင်းက ပြောပါတယ်။

ဦးဇေယျကျော်၊ ဦးစန်းငွေ၊ ဦးဝေသောင်းနဲ့ ကိုမိုက်ကယ်တို့လေးဦးဟာ ဖမ်းဆီးခံလိုက်ရပြီး မကြာခင်မှာပဲ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် တရားလိုသက်သေတွေ မလာရောက်နိုင်တာကြောင့် လေးလခန့် တောင်ကုတ်မြို့မရဲတပ်ဖွဲ့ အချုပ်ခန်းထဲမှာ ရုံးချိန်းတွေကိုစောင့်ဆိုင်းနေခဲ့ရတယ်လို့ မိသားစုတွေနဲ့ရှေ့နေတွေက ပြောဆိုပါတယ်။

ဒါ့အပြင် သူတို့လေးဦးကို ချုပ်နှောင်ထားတဲ့ တောင်ကုတ်မြို့မရဲစခန်းမှာ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေရှိနေခဲ့တဲ့အတွက် ရဲစခန်းတစ်ခုလုံးကိုလည်း လောဒေါင်းလုပ်ထားခဲ့ရတာကြောင့် အမှုဟာ အခုလိုကြန့်ကြာမှုတွေရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။