မြိုင်ကြီးငူ ဆရာတော်ပျံလွန်တော်မူ

ဒီစာမျက်နှာ Email ဒီစာမျက်နှာ Facebook ဒီစာမျက်နှာ Twitter ဒီစာမျက်နှာ Whatsapp

Image copyright မြိုင်ကြီးငူ ဆရာတော် သာသနာပြုလုပ်ငန်း
Image caption ဒီကေဘီအေ ခွဲထွက်တော့ မြိုင်ကြီးငူ ဆရာတော် ဦးဆောင်

တိုးတက်သော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင့်တပ်မတော် ( DKBA ) ကို ထူထောင်ခဲ့ပြီး လူသိများတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရင်း အောက်တိုဘာ ၁၃ ရက်နေ့ ညက ပျံလွန်တော်မူခဲ့ပါတယ်။

ကရင်ပြည်နယ် အစိုးရရဲ့ ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကတော့ ဒကာတချို့က လေယာဉ်နဲ့ သယ်တာ မကြိုက်တဲ့အတွက် ကားနဲ့ ပြန်သယ်ဖို့ စီစဉ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင့်တပ်မတော် ( DKBA )ဟာ ၁၉၉၅ မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလိုခွဲထွက်စဉ်မှာ မြိုင်ကြီးငူ ဆရာတော်က ဦးဆောင်ခဲ့ပါတယ်။

မြိုင်ကြီးငူ ဆရာတော်နဲ့ ပတ်သက်လို့ KNU ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ပဒို မန်းငြိမ်းမောင်ကို မေးကြည့်တော့ ဆရာတော်ကြောင့် ဗုဒ္ဓဘာသာဝင် အောက်ခြေ တပ်မှူးနဲ့ ရဲဘော်တွေက အကုန်ခွဲထွက်သွားတယ် ဒီလုပ်ရပ်ကြောင့် ရန်သူ့အလိုကျ ဖြစ်ခဲ့တယ် ပေါ့။ ကရင်တော်လှန်ရေးဟာ အများကြီးထိခိုက် နစ်နာခဲ့ပါတယ်။ သံဃာ့ဂုဏ်ကို အာရုံပြုပါတယ်။ ကျနော်ဒါတွေပြောတာ ချစ်ခြင်းမုန်းခြင်း မပါပါဘူး လို့ ဆိုပါတယ်။

ဦးသုဇနရဲ့ ဒီကေဘီအေဟာ ၂၀၁၀ မှာ ပြိုကွဲသလို သူ့တပည့်တွေက ကရင်ပြည်နယ်မှာ တခြားဘာသာခြားတွေရဲ့ ဗလီ ၊ ဘုရားရှိခိုးကျောင်းတွေနား စေတီတွေ လိုက်တည်လို့ အဝေဖန်ခံရဆုံး ဆရာတော်လည်းဖြစ်ပါတယ်။

ဘွဲ့အမည် ဆရာတော် ဦးသုဇနရဲ့ ရုပ်ကလာပ်ကို ဘန်ကောက်မြို့ကနေ မဲဆောက်နဲ့ မြဝတီကိုဖြတ်ပြီး ကုန်းလမ်းကနေ မြိုင်ကြီးငူဒေသကို ပြန်လည်ပင့်ဆောင်ဖို့ နယ်ခြားစောင့်တပ် (BGF) နဲ့မြဝတီမြို့ တာဝန်ခံတွေ ချိတ်ဆက် ဆောင်ရွက်နေပြီလို့ DKBA ရဲ့ ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောကျော်သန်းဌေးက ဘီဘီစီကိုပြောပါတယ်။

ဗိုလ်မှူးကြီး စောကျော်သန်းဌေးကတော့ ဆရာတော်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အကောင်းဆုံးဖြစ်အောင် စံပြအနေနဲ့ ဇွဲ လုံ့လ ဝီရိယတို့နဲ့ သီလသမာဓိ နဲ့ ကြိုးပမ်း ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြိုင်ကြီးငူဆရာတော် ဦးသုမနဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ၊ နို့ထရွာဇာတိဖြစ်ပြီး စကောကရင်လူမျိုး ဖြစ်ပါတယ်။

ဆရာတော်ရဲ့ ရည်မှန်းချက်ဟာ ဗုဒ္ဓဘာသာ သာသနာအကျိုးအတွက် လုပ်ဆောင်ဖို့ ဖြစ်ပြီး ကရင်ပြည်နယ် သာမက တိုင်းရင်းသားဒေသတွေမှာပါ သြဇာကြီးသူဖြစ်တယ်လို့ ဆရာတော်နဲ့ ရင်းနှီးသူ ဒကာတွေက ဆိုပါတယ်။

မြိုင်ကြီးငူ ဆရာတော်ဟာ ကရင်ပြည်နယ် အတွင်းမှာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ခွဲထွက်ခဲ့တဲ့ တိုးတက်သော ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင့်တပ်မတော် (DKBA) နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့ အပေါ်မှာ သြဇာရှိတဲ့ ဆရာတော်ဖြစ်ပါတယ်။