အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဂျက်မား တည်ထောင်သူအဖြစ်ကနေ နှုတ်ထွက်

ဒီစာမျက်နှာ Email ဒီစာမျက်နှာ Facebook ဒီစာမျက်နှာ Twitter ဒီစာမျက်နှာ Whatsapp

Image copyright Reuters
Image caption ဒေါ်လာ ဘီလီယံ ၄၀ ဖိုးကြွယ်ဝတဲ့ ဂျက်မား

တရုတ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတဦးဖြစ်တဲ့ ဂျက်မားဟာ အလီဘာဘာရဲ့ e-commerce အင်ပါယာမှာ အမှုဆောင်အရာရှိချုပ်ကနေ အမှုဆောင်ဥက္ကဌ တယောက်အနေနဲ့ပဲ တာဝန်ယူတော့မှာ ဖြစ်တယ်လို့ တနင်္လာနေ့က နယူးယောက်တိုင်းမ်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အလီဘာဘာရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တဦး အနေနဲ့ ရှိနေဦးမှာဖြစ်ပြီး ပညာရေးဆိုင်ရာ ပရဟိတလုပ်ငန်းတွေကိုပဲ အဓိက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး အင်တာနက် ကုမ္ပဏီတခုဖြစ်လာခဲ့တဲ့ အလီဘာဘာကုမ္ပဏီကို ၁၉၉၉ ခုနှစ်က မစ္စတာဂျက်မားက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်း ဈေးရုံ ၊ ရုပ်ရှင်ထုတ်လုပ်တာတွေ အပါအဝင် အလီဘာဘာရဲ့ ဈေးကွက်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ရှိနေပါပြီ။

Image copyright Getty Images
Image caption အလီဘာဘာရဲ့ဈေးကွက်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ ကျော်ရှိ

တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ အင်္ဂလိပ်စာဆရာ မစ္စတာဂျက်မားက'' ဒါက သူ့ရဲ့ခေတ်ကုန်ဆုံးသွား တာမဟုတ်ဘဲ ပညာရေးကိုချစ်တဲ့သူ့အတွက် ခြေလှမ်းအသစ်တခုရဲ့ အစသာ ဖြစ်တယ် ''လို့ ပြောဆို ထားပါတယ်။

လာမဲ့ တနင်္လာနေ့မှာ ၅၄ နှစ်ပြည်မယ့် မစ္စတာမားဟာ သူတဦးတည်းရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ဘီလီယံ ၄၀ ဖိုးကြွယ်ဝပြီး Forbes မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် တရုတ်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းမှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။

အစောပိုင်း သီတင်းပတ်တွေတုံးကတော့ မစ္စတာဂျက်မားဟာ မိုက်ခရိုဆော့တည်ထောင်သူ ဘီလ်ဂိတ်လိုပဲ သူ့ကိုယ်ပိုင် ဖောင်ဒေးရှင်းတခုကို တည်ထောင်ချင်တယ်လို့ ဘလွန်းဘာ့ဂ် တီဗွီကိုပြောထားပါတယ်။

' ' ကျွန်တော်က လူချမ်းသာတယောက်လို ဘယ်တော့မှ နေနိုင်မှာ မဟုတ်ဘူး။ စောစောစီးစီး အနားယူပြီး တခုခုလုပ်နိုင်မယ်လို့ ထင်တယ်။ တနေ့နေ့တော့ သင်ကြားရေးဘက်ကို ပြန်သွားမှာပါ။ ဒါဟာ အလီဘာဘာ ရဲ့ အမှုဆောင်အရာရှိချုပ် ရာထူးထက်ပိုပြီး ကောင်းအောင် လုပ်နိုင်မယ်လို့ ထင်တယ်'' လို့ မစ္စတာဂျက်မားက ပြောပါတယ်။

မစ္စတာ ဂျက်မားဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်အရှေ့ပိုင်းက ဟန်ကျိုးမြို့မှာရှိတဲ့ တက္ကသိုလ်တခုမှာ အင်္ဂလိပ်စာ ဆရာအဖြစ်နဲ့ စတင်ခဲ့တာပါ။

သူဟာ အလီဘာဘာကို ဟန်ကျိုးမှာရှိတဲ့ သူ့ရဲ့နေအိမ်အခန်းလေးထဲကနေ သူ့သူငယ်ချင်းတစုနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။