ကလေးမလိုချင်၊ တကိုယ်ရေလွတ်လပ်မှု ရှာတဲ့ တောင်ကိုရီးယားသူတွေ

ဒီစာမျက်နှာ Email ဒီစာမျက်နှာ Facebook ဒီစာမျက်နှာ Twitter ဒီစာမျက်နှာ Whatsapp

Image caption ဂျန်ယွန်ဟွာ

တောင်ကိုရီးယားနိုင်ငံမှာ အိမ်ထောင်မပြု၊ ကလေးမယူတဲ့ အမျိုးသမီး ဦးရေ တိုးလာနေပါတယ်။ နောက် သူတို့က အမျိုးသားတွေနဲ့ ရည်းစားထားရမှာတောင် မလိုလားကြတော့ပါဘူး။

ဒါကို အပြောင်းအလဲ မလုပ်ရင်တော့ ကမ္ဘာမှာ မွေးနှုန်းကျတဲ့ နိုင်ငံတွေထဲမှာ ပါတဲ့ တောင်ကိုရီးယားရဲ့ လူဦးရေဟာလည်း စပြီး လျော့ကျလာနိုင်ပါတယ်။

ဘယ်တော့မှ ကလေးယူဖို့ အစီအစဉ် ရှိမှာ မဟုတ်ဘူးလို့ ဆိုးလ်မြို့လယ်က ကော်ဖီဆိုင်တဆိုင်မှာ ထိုင်ရင်း ၂၄ နှစ်အရွယ် ဂျန်ယွန်ဟွာက ပြောပါတယ်။

ယွန်ဟွာက ဝက်ဆိုက် ကာတွန်းဆရာမပါ။

"ကျွန်မ ကလေးမွေးရတဲ့ ဒုက္ခကို ကြောက်တယ်၊ ဒါ ကျွန်မ ဘဝ လုပ်ငန်းကို ထိခိုက်တယ်" လို့လည်း သူကပြောပါတယ်။

အပြိုင်အဆိုင်များတဲ့ တောင်ကိုရီးယား အလုပ်စျေးကွက်မှာ ယွန်ဟွာလိုပဲ အိမ်ထောင်ရေးအတွက် အချိန်ကုန်မခံနိုင်တဲ့ လူငယ် တွေ များပါတယ်။

မိသားစု ထူထောင်မယ့်အစား လွတ်လွတ်လပ်လပ်နဲ့ တကိုယ်တည်းနေပြီး အိပ်မက်တွေကို ဖော်ဆောင်ချင်တယ် လို့လည်း သူက ဆိုပါတယ်။

Image copyright JUNG YEON-JE
Image caption တောင်ကိုရီးယား စီးပွားရေးလောကမှာ အမျိုးသမီးတွေ ပိုများလာ

တောင်ကိုရီးယားမှာ ယွန်ဟွာလိုပဲ အလုပ်နဲ့ မိသားစုဘဝကို မသက်ဆိုင်ဘူး ထင်တဲ့ အမျိုးသမီးလေးတွေ ရှိနေပါတယ်။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ခွဲခြားဆက်ဆံတာတွေ မဖြစ်အောင် တားမြစ်တဲ့ ဥပဒေတွေ ရှိပေမယ့် ဒါတွေကို တကယ် လက်တွေ့ အကောင်အထည်ဖော်တာ မရှိဘူးလို့လည်း အလုပ်သမား သမဂ္ဂတွေက ဆိုပါတယ်။

ဆိုးလ်မြို့ အနောက်ပိုင်းက ချွိုင်မွန်ဂျန်းရဲ့ အကြောင်းကတော့ ဒီပြဿနာကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြတဲ့ နမူနာ ဖြစ်ပါတယ်။

သူ့မှာ ကလေးရှိနေပြီပြောတော့ သူ့အထက်အရာရှိရဲ့ စကားကြောင့် သူတုန်လှုပ်ခဲ့ရပါတယ်။

ကလေးရှိလာရင် ကလေးက အဓိကဦးစားပေး ဖြစ်တော့မယ်၊ ကုမ္ပဏီက နောက်မှ လာမှာ၊ ဒီတော့ ဆက်လုပ်အုံးမှာလားလို့ သူ့ကို အမေးခံရတယ်လို့ မွန်ဂျန်းက ဆိုပါတယ်။ ဒီစကားကိုပဲ ထပ်ခါထပ်ခါ ပြောနေတာတဲ့လေ။

Image caption ချွိုင်မွန်ဂျန်း

မွန်ဂျန်းက အဲဒီတုန်းက စာရင်းစစ် လုပ်ခဲ့တာ။ အလုပ်ရှုပ်ဆုံး အချိန်ရောက်ခါနီးတော့ သူ့အရာရှိက သူ့ကို အလုပ်တွေ ပိုပေးတယ်။ သူက ဒါကို မကျေနပ်ဘဲ ပြန်ပြောတော့ သူ့မှာ အလုပ်ကို ဦးစားပေးတဲ့ စိတ်မရှိဘူးဆိုပြီး အရာရှိက ဆူတယ်။ နောက်ဆုံးတော့ သူတို့ ထိပ်တိုက် တွေ့ကြတယ်။

"သူက ကျွန်မကို အော်တယ်၊ ကျွန်မလည်း ခုံမှာ ထိုင်ရင်း ကြောက်လွန်းလို့ တုန်တက်လာပြီး မျက်စိတွေ မဖွင့်နိုင်တော့ဘူး" လို့ မွန်ဂျန်းက ဆိုတယ်။

အလုပ်ထဲက လူတွေက ဆေးရုံကို ဖုန်းဆက်ခေါ်ရတယ် လို့လည်း ပြောပါတယ်။

ဆေးရုံကျမှ သူ့မှာ စိတ်ဖိစီးလွန်းလို့ ကလေးပျက်ကျချင်တာလို့ ဆရာဝန်တွေက ပြောပါတယ်။

မွန်ဂျန်း ဆေးရုံ တပတ်တက်ပြီး ပြန်လာတဲ့အခါ ကိုယ်ဝန် အဖတ်တင်ကျန်ခဲ့ပေမယ့် သူအလုပ်က ထွက်ရအောင် သူ့အထက်အရာရှိက ကြိုးစားတာ ခံရပါတယ်။

ဒါမျိုးတွေ တောင်ကိုရီးယားမှာ သိပ်မဆန်းဘူးလို့ သူက ဆိုပါတယ်။

အမျိုးသမီးတွေ ပဋိသန္ဓေ ရှိလာရင် ဖွင့်ပြောရခက်တဲ့ ကိစ္စတွေ အများကြီး ရှိပါတယ် လို့လည်း မွန်ဂျန်းက ဆိုပါတယ်။

"ကျွန်မနားမှာ ကလေးမရှိ၊ ကလေးယူဖို့ အစီအစဉ်လည်း မရှိတဲ့သူတွေ အများကြီးပဲ"

အလုပ်ကို ပင်ပင်ပန်းပန်း နာရီအကြာကြီး လုပ်ရတာနဲ့ အလုပ်ကို ဦးစားပေးရတာဟာ တောင်ကိုရီးယား ပြုပြင်ပြောင်းလဲရေး ကာလ အနှစ် ၅ဝ မှာ ချီးကျူးခံခဲ့ရတာပါ။

ဒါပေမဲ့လည်း ဒီပြောင်းလဲရေးမှာ အမျိုးသမီးတွေ အရေးကို သိပ်မစဉ်းစားခဲ့ကြဘူးလို့ ယွန်ဟွာက ဆိုပါတယ်။

ကိုရီးယား စီးပွားရေး တက်ဖို့က လခနည်းတဲ့ စက်ရုံအလုပ်သမားတွေ အပေါ်လည်း မူတည်ပါတယ်လို့ သူက ပြောပါတယ်။ ဒီစက်ရုံ အလုပ်သမား အများစုက အမျိုးသမီးတွေပါ။

"အမျိုးသားတွေ အပြင်ထွက် အလုပ်လုပ်ဖို့ အမျိုးသမီးတွေက အိမ်ထောင်ကို ထိန်းသိမ်း စောင့်ရှောက်ရပါသေးတယ်"

အရင်က အမျိုးသားတွေပဲ လုပ်တဲ့ အလုပ်တွေကို အခု အမျိုးသမီးတွေ လုပ်တာ ပိုများ လာပါပြီ။ စီမံခန့်ခွဲရေးနဲ့ ပညာရှင် အလုပ်တွေပါပဲ။ ဒါပေမဲ့ ဒီလို ပြောင်းနေတဲ့ ခေတ်ကြီးမှာတောင် အမျိုးသမီးတွေ အပေါ် မြင်တဲ့ အမြင်က သိပ်မပြောင်းသေးပါဘူး။

ဒီတိုင်းပြည်မှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ အဆောင်အယောင် သဘောပဲ ရှိပါသေးတယ်လို့ ယွန်ဟွာက ဆိုတယ်။

နောက်ပြီး အမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် မိသားစု ကို စောင့်ရှောက်တဲ့ နေရာကပဲ နေစေချင်ကြတယ် လို့လည်း သူက ဆိုပါတယ်။

"အလုပ်ရှိတဲ့ အမျိုးသမီးတွေ အိမ်ထောင်ကျ ကလေးတွေ ရရင် ကလေးကို ကြည့်တဲ့ အလုပ်၊ ယောက္ခမတွေ မမာရင် ပြုရတဲ့ အလုပ်တွေက ဒီအမျိုးသမီးတွေ တာဝန် လုံးလုံးပါပဲ"

တောင်ကိုရီးယားမှာ အမျိုးသားတွေက ကလေးထိန်းတာလို အလုပ်မျိုးကို တရက်မှာ ၄၅ မိနစ် လောက်ပဲ လုပ်ပြီး အမျိုးသမီးတွေက ငါးဆ ပိုလုပ်ရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ကျွန်မပုံစံနဲ့ ဒီလို ဘဝနဲ့ မကိုက်ဘူး၊ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ လို့ ယွန်ဟွာက ပြောပါတယ်။

Image caption ရည်းစားတောင် မထားချင်တော့ဘူး

အမျိုးသမီးတယောက် လက်မထပ်ချင်ဘူး ထား၊ သူတို့ ရည်းစားတောင် မထားချင်တော့ဘူး လို့လည်း သိရပါတယ်။ ဒါကလည်း ရည်းစားနဲ့ ပြတ်သွားရင် လက်စားချေတဲ့ အနေနဲ့ ညစ်ညမ်းဆိုက်တွေမှာ ကိုယ့်ပုံတွေ ဗီဒီယိုတွေ တက်မယ့် ဘဝ မရောက်ချင်ကြလို့ ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီး အကြမ်းဖက်မှု အန္တရာယ်ကလည်း ရှိပါတယ်။

ကိုရီးယား ရာဇဝတ်မှုခင်း ဌာနက မနှစ်က မေးခဲ့တဲ့ စစ်တမ်းမှာ မေးခဲ့တဲ့ အမျိုးသား ၈ဝ ရာခိုင်နှုန်းက သူတို့ရည်းစားတွေကို နှိပ်စက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

တောင်ကိုရီးယားမှာ အမျိုးသမီးတွေ ဘဝက ကျွန်လိုပါပဲလို့လည်း ယွန်ဟွာက ဆိုပါတယ်။

မြောက်ကိုရီးယားက ဥတုမမှန်တဲ့ စစ်သည်တွေ

Image copyright JEON HEON-KYUN
Image caption လွတ်လပ်မှု လိုချင်တဲ့ တောင်ကိုရီးယားသူတွေ

ဒါကြောင့် တောင်ကိုရီးယားမှာ ကလေးမွေးနှုန်း ကျလာတာပါ။ လက်ထပ်နှုန်းကလည်း အနိမ့်ဆုံး ရောက်နေပြီး လူတထောင်မှာ ၅ ယောက်ခွဲပဲ ရှိပါတယ်။ ၁၉၇ဝ တုန်းက ၉ ယောက် ရှိပါတယ်။ နောက်ပြီး လက်ထပ်ပြီးနောက် ကလေးယူနှုန်း ကလည်း ကျပါတယ်။

စင်္ကာပူ၊ ဟောင်ကောင်နဲ့ မော်လဒိုဗာ လို နိုင်ငံတွေမှာလည်း တောင်ကိုရီးယားလိုပဲ မွေးနှုန်းကျပါတယ်။

နောက်ပြီး အိမ်ထောင်ပြုဖို့ စရိတ်စက ကြီးတာကလည်း တကြောင်းပါပါတယ်။ ကျောင်းစရိတ်လွတ်ပေမယ့် ကျူရှင်ခက ကြီးပါတယ်။

ဒါတွေကြောင့် တောင်ကိုရီးယားမှာ ဆမ်ပို ဆိုတဲ့ စကားက ခေတ်စားနေပါတယ်။ ရည်းစားမထား၊ လက်မထပ်၊ ကလေးမယူ ၃ ခုစလုံးကို လက်မြှောက်တာကို ပြောတဲ့ စကားပါ။

ရှေးဆန်တဲ့ ကိုရီးယားသူတွေကတော့ ဒီလို မိန်းကလေးတွေကို တကိုယ်ကောင်းဆန်တယ်လို့ ရှုတ်ချကြပါတယ်။

အသက် ၆ဝ ကျော် ကိုရီးယား အမျိုးသမီးကြီးတွေနဲ့ ဆိုးလ်မြို့လယ်က ပန်းခြံထဲမှာ တွေ့တော့ တယောက်က ပြောပါတယ်။ သူ့သမီး ၃ ယောက်စလုံး ၄ဝ ကျော်နေပြီ၊ ကလေး မရသေးဘူးတဲ့။

သူတို့ကို တိုင်းပြည်တာဝန် ကျေပွန်အောင် ကလေးမွေးဖို့ တိုက်တွန်းပါတယ်၊ မျိုးဆက်လည်း မပြတ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့က ဒီလို မစဉ်းစားဘူးလို့လည်း ဆိုပါတယ်။

မွေးနှုန်းကျနေတာကို သူတို့က စိတ်ပူတယ်လို့လည်း ဆိုပါတယ်။

ဂလိုဘယ်ခေတ် ကြီးတဲ့ မိန်းကလေးတွေကတော့ ဒီလို စကားတွေကို လက်မခံပါဘူး။

နိုင်ငံမှာ ကလေးတွေ မရှိရင် ယဉ်ကျေးမှု ပျောက်သွားမယ် ဆိုတဲ့ စကားကို သူတို့က လက်မခံပါဘူး။ အမျိုးသား ကြီးစိုးတဲ့ ယဉ်ကျေးမှု ကျဆုံးချိန် တန်ပြီလို့ပဲ သူတို့က ပြောပါတယ်။