ကချင် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်ဖို့ ကချင်လူထုက သောင်းနဲ့ချီ ဆန္ဒပြ

ကချင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ထိုးစစ်တွေရပ်ဖို့နဲ့ ၂၁ရာစုပင်လုံ အောင်မြင်ဖို့၊ ဒုက္ခသည်တွေ ကူညီဖို့ တောင်းဆိုခဲ့

ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် နေတာတွေကို ချက်ချင်းရပ်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူဦးရေ သုံးသောင်း ကျော်လောက် မြို့တွင်းလမ်းတွေမှာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ချက်ချင်း ရပ်ဖို့အပြင် ၂၁ရာစု ပင်လုံညီလာခံ ဆွေးနွေးမှုတွေ အောင်မြင်ဖို့၊ နိုင်ငံအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ စတဲ့ အချက်တွေ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲစီစဉ်တဲ့ ကော်မတီဝင် ဦးကံမောင်က ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင်၊ သံဃာတော်တွေနဲ့ ကချင် မဟုတ်တဲ့ ပြည်သူတွေပါ ပါဝင်ခဲ့ကြတယ်လို့ ဦးကံမောင်က ပြောပါတယ်။

သုံးနာရီကြာ မြစ်ကြီးနားမြို့မှာ ဆိုင်းဘုတ်တွေနဲ့ ပို့စတာတွေကိုင်ပြီး လှည့်လည် ဆန္ဒပြမှု အပြီးမှာ ထိုးစစ်ရပ်ဖို့ ဆန္ဒပြုလက်မှတ် သုံးသောင်းကျော် လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒီလက်မှတ်တွေကို ကချင်ပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံပြီး တလအတွင်းမှာ အစိုးရလွှတ်တော်၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့ထံကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ ရန်ကုန်မြို့က Orchid ဟိုတယ်မှာလည်း တိုက်ပွဲကြားမှ ပြည်သူ့အသံဆိုတဲ့ ခေါင်းစဉ်နဲ့ ကချင် အမျိုးသားလူငယ် ကွန်ယက်အဖွဲ့က ဦးဆောင်ပြီး မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။