KIO ဂိဒေါင် စခန်းကို လေယာဉ်လေးစင်းနဲ့ လာတိုက်

ဓာတ်ပုံ မူပိုင် Khin Maung Win
Image caption KIO ဒု ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ အရှေ့ဖက် အစွန်းနားက ကေအိုင်အေရဲ့ ဂိဒေါင် စခန်း ကို တပ်မတော်က အောက်တိုဘာလ ၇ရက် မနက်မှာ လေယာဉ်ပျံ လေးစီးနဲ့ လာတိုက်ပြီး ညနေပိုင်းမှာလည်း မြေပြင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ကေအိုင်အို ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

တပ်မတော်ဖက်က စ လာတိုက်တာ ဖြစ်ပြီး ညပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ငြိမ်နေတယ်လို့ သိရပါတယ်။

နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေ မသိရသေးပေမယ့် အဲဒီ ဂိဒေါင် စခန်းဟာ ကေအိုင်အေ ရဲ့ လုံခြုံရေး နယ်မြေ ဖြစ်တဲ့ အတွက် အရေးပါလှတယ်လို့ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

အခုချိန်မှာ လိုင်ဇာ ဒေသ လုံခြုံရေကို မထိခိုက်သေးဘူး ဖြစ်ပေမယ့် အခုလို တိုက်ခိုက်မှုတွေ မရပ်ဘဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ လိုင်ဇာ အခြေအနေလည်း စိုးရိမ် ရတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ ရပ်တန့်သွားအောင် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပြောဆိုမှုတွေ ရှိမရှိ ဆိုတာ မသိနိုင်ပေမယ့် လတ်တလော မြစ်ကြီးနားမှာ လူထုက ထိုးစစ်ဆင်မှုတွေ ရပ်ဖို့ တောင်းဆို ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

အခုလို ပြည်သူ လူထုရဲ့ ဆန္ဒကို ဂရုမစိုက်ဘဲ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာဟာ တပ်မတော်က စစ်ပွဲတွေ ရပ်ဖို့ ဆန္ဒမရှိ ဘူး ဆိုတာ ပြနေတယ်လို့ ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသွားခဲ့ပါတယ်။