လန်ဒန်ဆရာတော် အပါအဝင် သံဃာတော်၅ပါး အမှုကို ဥပဒေအတိုင်း ဆက်ဆောင်ရွက်မယ်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
မဟာသန္တိသုခကျောင်းတော်
လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော် ငါးပါးကို တရားစွဲဆိုထားတဲ့ အမှုကို အထက်သံဃာ စကား မနာခံမှု သံဃာ့ဥပဒေ (၂၀/၉၀)နဲ့ ဆက်စစ်ဆေးသွားမယ်လို့ သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မဟာသန္တိသုခကျောင်းတော်ဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ရည်စူး လှူဒါန်းထားတာ ဖြစ်တဲ့အတွက် မည်သူ့ကိုမှ လွှဲပြောင်းတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ဒီအမှုမှာ အစွပ်စွဲခံ သံဃာတော်တွေက မဟာသံဃနာယက ဆရာတော်ကြီးတွေကို ဝန်ချတောင်းပန်ရင် အမှုကို ရုပ်သိမ်းပေးမယ်လို့ ဦးဥတ္တရနဲ့ တခြားသံဃာတော်တွေကို သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောဆိုပြီး ကြားဝင်စေ့စပ်ခဲ့တယ်လို့ သာသနာရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် ဆရာတော် ဦးဥတ္တရဘက်က အကြမ်းဖျင်း သဘောတူပြီးမှ အမှုကို အရင်ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့အတွက် ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ ဦးဇာနည်ဝင်းက ပြောပါတယ်။
ဆရာတော် ဦးဥတ္တရကလည်း ဝန်ချတောင်းပန်ရင် မှားတယ်လို့ ဝန်ခံရာရောက်တဲ့အတွက် အဲဒီ့အတွက် တရားရုံးမှာ ပြစ်ဒဏ်ကျခံရနိုင်ချေ ရှိလို့ အမှုကို အရင်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဆရာတော်က ဒီကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် ပြောခွင့်၊ ဆွေးနွေးခွင့်မရှိပဲ စင်္ကာပူက ပီနန်ဆရာတော်ကြီးပြန်လာပြီး ဖြေရှင်းမှ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။
ဒါကို သာသနာရေးဝန်ကြီးဌာနက ကျောင်းပိုင်ဆိုင်မှုကို သူတို့က တောင်းဆိုတယ်ဆိုပြီး လွဲမှား စွပ်စွဲထားတယ်လို့ ဆရာတော်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လတုန်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်မှာ ရှိတဲ့ မဟာသန္တိသုခကျောင်းကို စည်းကမ်းထိန်းသိမ်းရေး သံဃာတော်၊ ရဲနဲ့ အရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဝင်ရောက် စီးနင်းပြီး ကျောင်းက သံဃာတော် ၇ပါးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ လန်ဒန်ဆရာတော် အပါအဝင် သံဃာတော် ၅ပါးကို သာသနာတော် ညိုးနွမ်းစေမှု ဥပဒေ ပုဒ်မ ၂၉၅(က)နဲ့ ပုဒ်မ ၁၄တို့အရ အရေးယူထားခဲ့ပြီး အခုတော့ ပုဒ်မ ၁၄ဖြစ်တဲ့ သံဃာ့ဥပဒေ ၂၀/၉၀နဲ့ တာမွေမြို့နယ် တရားရုံးမှာ ဆက်လက် တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။