ထိုးစစ်ဆင်နေတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့ ဖျက်ဆီးနေတာလို့ ကေအိုင်အို ကြေညာချက်ထုတ်

ဓာတ်ပုံ မူပိုင် KIO
Image caption ကေအိုင်အိုရဲ့ ထုတ်ပြန် ကြေညာချက်

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အိုက အောက်တိုဘာ ၈ ရက်နေ့စွဲနဲ့ ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ကေအိုင်အို အနေနဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းစေလိုတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို ကြိုဆိုခဲ့သလို နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်ထွန်းလာဖို့ မျှော်လင့် လက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ကာ ကေအိုင်အိုရဲ့ သဘောထားတဲ့ ဖက်ဒရယ် အခြေခံမူတွေ တင်ပြခဲ့ပြီး အခု အခါ မြန်မာ့ တပ်မတော်ရဲ့ အကြောင်းမဲ့ စတင် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ပွဲ မပြန့်သွားအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုနှစ် သြဂုတ်လ ၁၆ ရက် ကလည်းက မြန်မာ့ တပ်မတော်က ကေအိုင်အိုရဲ့ လိုင်ဖောင် တပ်စခန်းကို ရုတ်တရက် ၀င်တိုက်ခဲ့ပြီး အဲဒီနောက် အင်ခရမ် စခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

ဒါ့အပြင် ဂိဒေါင် စခန်းကို ရရှိရေး အတွက် မြန်မာ့ တပ်မတော်က လေကြောင်းပစ်ကူ အပါအ၀င် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာ ယနေ့အထိလို့ ဆိုပါတယ်။

မြန်မာ့ တပ်မတော်ရဲ့ လုပ်ရပ်က ပြည်တွင်းစစ်ကို ပိုမိုကြီးထွား ပျံ့နှံ့လာအောင် လုပ်သလို ဖြစ်နေပြီး ထိုးစစ်ရဲ့ နောက်ဆက်တွဲတွေကို မြန်မာ့တပ်မတော်က တာ၀န်ခံရမယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး နော်ဘူကို မေးကြည့်တဲ့အခါ အခုလို တပ်မတော်က အခုလို တိုက်နေတာဟာ နိုင်ငံရေး နည်းနဲ့ ဖြေရှင်းနေတဲ့ လမ်းစဉ်ကနေ သွေဖီအောင် ရည်ရွယ် လုပ်ဆောင်တာလို့ ပြောပါတယ်။

ကေအိုင်အို အနေနဲ့ကတော့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ပြဿနာကို နိုင်ငံရေး ဆွေးနွေးမှု ကနေ အဖြေရှာလိုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အဖွဲ့၀င် ဖြစ်တာကြောင့် သူတို့ရဲ့ လမ်းညွှန်မှု အတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။