နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံရလို့ နှစ်ဘက် အကျအဆုံး အနည်းဆုံး ၁၉ ဦးရှိ

ကာဖျုး ထုတ်ထားတဲ့ မောင်တောမြို့ထဲက ရဲ လှည့်ကင်း
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ထဲက မြန်မာ အစိုးရရဲ့ ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ် အပါအဝင် ငခူရ နယ်ခြားစောင့် စခန်းနဲ့ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် စခန်းတွေကို အောက်တိုဘာ ၉ ရက် တနင်္ဂနွေ မနက် အစောကြီး အချိန်မှာ လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက် ခံခဲ့ရလို့ စခန်း ၃ ခုမှာ စုစုပေါင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး၊ လာရောက် စီးနင်း တိုက်ခိုက် ခဲ့သူ ၁၀ ယောက် ကျော်လည်း သေဆုံး သွားပါတယ်။
ကျီးကန်ပြင် ဌာနချုပ် လက်နက်တိုက်က သေနတ် ၅၂ လက်ကို စီးနင်း တိုက်ခိုက် ခဲ့သူတွေ ယူဆောင် သွားပါတယ်။
တိုက်ခိုက်သူတွေဟာ အာအက်စ်အို ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး လက်နက်ကိုင် အဖွဲ့လို့ ထင်မြင်တယ် ဆိုပြီး ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။
ဒီ တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု နေ့တွင်းချင်း ပြုလုပ် ခဲ့တာမှာ ကျူးလွန်သူတွေ ဟာ ရိုဟင်ဂျာ တွေလို့ ကြွေးကြော် တိုက်ခိုက် ခဲ့ ကြပြီး ဘင်္ဂါလီ စကား ပြော ခဲ့ကြတယ် လို့ ဆိုပါတယ်။
ဘယ် လက်နက်ကိုင် အဖွဲ့အစည်းက တိုက်ခိုက် ခဲ့တာလဲ ဆိုတာကို လောလောဆယ် အတည်မပြုသေးဘဲ တွေ့ရှိမှု တွေ ကနေ နောက်ပိုင်း ထုတ်ပြန် ပေးမယ်လို့လည်း ဆိုပါတယ်။
မောင်တောမြို့နယ် လုံခြုံရေး အခြေအနေ ကြောင့် အာဏာပိုင်တွေက ရှိလက်စ ပုဒ်မ ၁၄၄ ကို တိုးချဲ့ပြီး ည ၇ နာရီ ကနေ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။
မောင်တောကို အစိုးရ စစ်တပ် အဖွဲ့ဝင် စစ်ကူတွေ အများကြီး ဝင်လာပြီး ရဲနဲ့တပ် လှည့်ကင်းတွေ ပြုလုပ် နေတယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။
နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့တဲ့ ကျီးကန်းပြင် ဌာနချုပ် အနီးက ဝပိတ် ကျေးရွာ ဘက်မှာ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ကြိုကြား ကြိုကြား ဆက်လက် ရှိနေ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
ညနေပိုင်း မှာတော့ အစိုးရ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်း အဲဒီ့ ဒေသကို ရောက်လာပြီး ဝေဟင် ကနေ လက်နက်ကိုင်တွေကို ရှာဖွေ ခဲ့ပါတယ်။
တိုက်ပွဲတွေ ဆက်လက် ဖြစ်လာ နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် နေပါတယ်။