မောင်တောမြို့နယ်မှာ တပ်မတော်က ပိုက်စိပ်တိုက် ရှာဖွေ ရှင်းလင်း

ရွာတွေကို ပိတ်ဆို့ ရှာဖွေ ရာမှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ တပ်အင်အား ဖြည့်ပေးခဲ့
မြန်မာ ဘင်္ဂလား နယ်စပ်မှာ နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တနင်္လာနေ့ မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ တွေ ကနေ ပိုက်စိပ်တိုက် ရှာဖွေ တာတွေ နယ်မြေ ရှင်းလင်း တာတွေ လုပ်ဆောင် ခဲ့ ပါတယ်။
မောင်တော မြို့နယ်က မြို့သူကြီး၊ ပြင်ဖြူ၊ အီတလီယာ စတဲ့ မူဆလင် ရွာ တော်တော် များကို ပိတ်ဆို့ ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ တာပါ။ မောင်တောမြို့နယ် မြောက်ပိုင်းက ခြံပြင် အနီးက ဦးရှဉ့်ကျ ရွာမှာတော့ ပစ်ခတ်မှု တွေတောင် ဖြစ်ခဲ့ တယ်လို့ မောင်တော မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးမောင်အုန်း က အတည်ပြု ပြောကြား ပါတယ်။
ခုလို တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် မောင်တော မြို့နယ် မြောက်ပိုင်းက လုံခြုံရေး မရှိတဲ့ တိုင်းရင်းသား ကျေးရွာ တွေက အမျိုး သမီး တွေကို လုံခြုံရေး ရှိတဲ့ နေရာ တွေကို ရွှေ့ပြောင်း နေတယ်လို့ ကြိမ်ချောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
လုံခြုံရေး မရှိတဲ့ ကျေးရွာတွေ မှာတော့ အခုလို စိုးရိမ် မှုတွေ ရှိနေကြ ပေမယ့် မောင်တောမြို့ ပေါ်မှာတော့ အခြေ အနေ တည်ငြိမ် နေတယ်လို့ မောင်တောမြို့ ဗဟို ကျောင်း ဆရာတော်ကပြော ပါတယ်။
နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ရွာတွေကို ပိတ်ဆို့ ရှာဖွေ ရာမှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ တပ်အင်အား ဖြည့်ပေးခဲ့သလို လူသေ ဆုံးမှုတွေ၊ လက်နက်တွေလည်း ပြန်လည် ရရှိ မှုတာတွေ ရှိတယ် လို့ သိရပါတယ်။
မောင်တော်မြို့က မွတ်ဆလင် တဉီး ဖြစ်တဲ့ ကိုအီစလန် ကတော့ လုံခြုံရေးတွေ အထူး တင်းကြပ် လာလို့ ဒေသခံတွေ စိုးရိမ် နေကြတယ်လို့ ပြောပါတယ်။
အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တယ် ဆိုတာကို ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာဘက် ကနေ အကြောင်းကြား လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှူး ဗိုလ်ချုပ် အာဇိ အာမတ် က ဘီဘီစီ ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒဏ်ရာနဲ့ လူ ၂ ယောက် ထွက်ပြေး လာတာ ရှိပြီး သူတို့ ၂ ဦးကို ဆေးကုသ ပေးထားကာ မြန်မာ ဘက်က ပြန်လာခေါ်ရင် ခေါ်လို့ ရတယ်လို့ မြန်မာ ဘက်ကို အကြောင်း ကြားထား တယ်လို့ ဗိုလ်ချုပ် အာမတ်က ပြောပါတယ်။
ဒီအတွက် နယ်စပ်မှာ လုံခြုံရေးကို အထူးချထားပြီး မြန်မာ ဘက်က တယောက်မှ ဝင်ရောက် မလာနိုင်အောင် ကင်းလှည့် စောင့်ကြည့် တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။