စည်းကမ်းချိုးဖောက်သူ NLD အမတ်တွေကို အရေးယူမယ်

လူကို မကြည့်ဘဲ ပါတီကိုသာ ကြည့်ပြီးမဲပေးဖို့ ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက်နဲ့ ပတ်သက်လို့ အမှုဖွင့်ခံရ၊ တိုင်ကြား ခံရတာတွေကို ပါတီစည်းကမ်းအရ အရေးယူမယ်လို့ NLD ပါတီက ပြောပါတယ်။
NLD လူငယ်တာဝန်ခံ ဖြစ်တဲ့ မြောင်းမြ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူကို ပါတီစည်းကမ်း ဖောက်ဖျက်မှုနဲ့ ပါတီက အရေးယူဖို့ စီစဉ်နေပြီး လောလောဆယ် နိုင်ငံခြား ခရီးစဉ်တစ်ခုကို ရပ်နားထားလိုက် တယ်လို့ NLD ဗဟို ကော်မတီဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာစိုးမိုးသူဟာ အောက်တိုဘာလ ၉ ရက်နေ့က မန္တလေးမြို့မှာ လူမှုရေးပြဿနာ ဖြစ်ခဲ့တဲ့ အတွက် တိုင်ကြားမှုတွေရှိ ခဲ့ပါတယ်။
သူဟာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် ကိုယ့်မဲဆန္ဒနယ်ကို မသွားဘဲ မန္တလေးမှာ သင်တန်း တက်နေတယ် ဆိုကတည်းက တာဝန် ပျက်ကွက်တာလို့ ဦးဝင်းထိန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုတယ်ရွေပြည်သာ ဟိုတယ်ကို စစ်ဆေးဖို့ သွားရောက် ခဲ့တယ်ဆိုတဲ့ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဟိုတယ် မာန်နေဂျာက ခြိမ်းခြောက်မှုနဲ့ အမှုဖွင့်ခဲ့ ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာ ကော်မတီ ဥက္က ဋ္ဌ ဒေါက်တာမျိုးညွန့် ကတော့ လူမှုရေးဖောက် ပြန်သူတွေ စည်းကမ်း မလိုက်နာတဲ့သူ တွေကို အပြင်းထန်ဆုံး ပါတီက ထုတ်ပယ်တဲ့ အထိ အပြစ်ပေးလို့ ရတယ်လို့ ပြောပါတယ်။
လောလောဆယ်မှာ စွပ်စွဲမှုတွေသာ ရှိနေသေးပြီး ဥပဒေအရ ရင်ဆိုင်ရာမှာ ခုခံ ချေပမှု ဘယ်လောက် ထိရောက်တယ် ဆိုတာကြည့်ရဦးမှာ ဖြစ်ပြီး ဘယ်အဆင့်အထိ အရေးယူမယ် ဆိုတာ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့က စဉ်းစား ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် လူကို မကြည့်ဘဲ ပါတီကိုသာ ကြည့်ပြီးမဲပေးဖို့ မဲဆန္ဒရှင်တွေကို ပြောခဲ့ပါတယ်။
ဒေါက်တာမျိုးညွန့်ကတော့ လူသားတွေမို့ မှားယွင်းလုပ်ဆောင်သူ တချို့ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့ အမှားကို ဖုံးဖိမထားဘဲ ဥပဒေ နည်းလမ်း အရ စီရင်မှုကို အားပေးတယ်လို့ ဆိုပါတယ်။
ပြည်သူတွေ မဲပေးခဲ့သူထဲမှာ မှားယွင်း ပါလာ သူတွေကို စစ်ထုတ်သွားမယ်လို့လည်း ဒေါက်တာမျိုးညွန်က ပြောပါတယ်။
ပြည်သူလူထု ယုံကြည်မှု မပျက်ရအောင် ပါတီတွင်းက ပြစ်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပါတီခေါင်းဆောင်ပိုင်းက ဆန္ဒ ရှိနေကြ ပါတယ်။