မောင်တောမြို့နယ်မှာ တိုက်ပွဲ ဖြစ်နေသေး

Maungdaw

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ,

မောင်တောမှာ လုံခြုံရေးတွေ တိုးမြှင့်

မောင်တော မြို့နယ်အတွင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေး လုပ်စဉ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ ပါတယ်။

အင်္ဂါနေ့ နေ့လယ်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်းက ရွာတစ်ရွာနားမှာ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ နှစ်မိုင်အကွာက လောင်တုံ ရွာသား တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဟာ ညနေ ၄ နာရီ လောက်မှာတော့ တိုက်ပွဲသံတွေ တိတ်သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းတွေကို လက်နက်ကိုင်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေကို ယူဆောင် သွားခဲ့ကြလို့ တပ်မတော်ဖက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နယ်ခြားစောင့် စခန်းတွေကို တိုက်ခိုက်ကြသူတွေဟာ RSO ခေါ် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့က ဖြစ်တယ်လို့ ရွာသားတွေက ပြောဆိုကြပေမဲ့ အာဏာပိုင်တွေ ကတော့ ဘယ်အဖွဲ့ အစည်းလက်ချက် ဖြစ်နိုင်တယ် ဆိုတာ စုံစမ်းဆဲ ဖြစ်လို့ တရားဝင် ထုတ်ဖော် မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မောင်တော ခရိုင်တစ်ခုလုံးက စာသင်ကျောင်း တွေကို ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ပေမယ့် လမ်းပမ်း ဆက်သွယ်ရေးတွေ ပြတ်တောက်နေတဲ့ အတွက် ဆရာ ဆရာမတွေ မောင်တောမြို့ကို သွားလို့မရ ဖြစ်နေ ပါတယ်။

မောင်တော မြောက်ပိုင်းက ကျေးရွာ တစ်ရွာကို ရောက်နေတဲ့ ဆရာမ တစ်ယောက်ကတော့ လောလောဆယ် ခမောက်ဆိပ် နယ်ခြားစောင့် စခန်းမှာ ဆရာ ဆရာမ ၃၀ လောက် ရှိနေကြတယ်၊ လမ်းတွေလည်း ပိတ်နေတော့ အိမ် မပြန်နိုင်ကြဘူးလို့ ပြောပါတယ်။

မောင်တောမြို့နယ် ပညာရေးဌာနက လုံခြုံရေး ကောင်းတဲ့ မောင်တော၊ တောင်ပြိုနဲ့ ကြိမ်ချောင်း တို့ကို စုရပ် အဖြစ် သတ်မှတ်ပြီး ဆရာ ဆရာမတွေကို ပြောင်းရွှေ့ ပေးနေပါတယ်။

ဒီခမောင်းဆိပ် ဘက်ကိုတော့ လမ်းအခြေအနေမကောင်းလို့ ကားတွေနဲ့ လာမခေါ်နိုင်သေးတဲ့ အတွက် သောင်တင်နေကြရတာ ဖြစ်ပါတယ်။

မောင်တောမြို့ပေါ်မှာ လူတွေ ပုံမှန် သွားလာနေကြပြီး လုံခြုံရေးတွေကိုလည်း တိုးချထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

မောင်တောခရိုင်မှာ နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောပြဖို့ စစ်တွေမြို့ကို ရောက်လာတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်နဲ့ အဖွဲ့ကတော့ ပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူတွေ၊ ရခိုင်နဲ့ မွတ်ဆလင် အသိုင်း အဝိုင်းက ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။