ရခိုင်မှာ အစိုးရ တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကြောင်း စစ်တပ် ထုတ်ပြန်

အစိုးရကတော့ အခင်းဖြစ်ရာ ဒေသတွေဆီ နောက်ထပ် စစ်ကူ အင်အားတွေ စေလွှတ်
ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုတွေ ၃ ရက် မြောက် အောက်တိုဘာ ၁၁ ရက် အင်္ဂါ နေ့က အထိ ဆက်လက် ရှိနေခဲ့တာမှာ စစ်သား လေးဦး သေဆုံး သွားတယ် ဆိုပြီး မြန်မာ အစိုးရ စစ်တပ် က ထုတ်ပြန် ပါတယ်။
လက်နက်တွေ ကိုင်ဆောင် ထားကြတဲ့ အယောက် ၃၀၀ ၀န်းကျင် ရှိတဲ့ လူအုပ်က စီးနင်းတိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ အစောပိုင်းက အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေ အတိုက်အခိုက်ခံခဲ့ရပြီး နောက်ဆက်တွဲ တိုက်ခိုက်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာပါ။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး RSO ရိုဟင်ဂျာ မွတ်ဆလင်မ် အဖွဲ့ရဲ့ လက်ချက်လို့ ဒေသခံတွေက မှန်းဆ ပြောဆိုနေကြပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပတ်၀န်းကျင် မွတ်ဆလင် ရွာတွေကို ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်နေပါတယ်။
အခုလို တိုက်ခိုက်မှုတွေကြောင့် အသေအပျောက် တွေ ဖြစ်နေတဲ့ အပေါ် အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား က ပြောဆို လိုက်ပါတယ်။
ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂ အီးယူတို့က အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်း နေပါတယ်။ (ယခင်သတင်းကို ပြင်ဆင် ဖြည့်စွက် ထားပါသည်)