ပိတ်မိနေတဲ့ ဆရာဆရာမတွေကို ခေါ်ယူနေရာချပေး

Maungdaw villagers

ဓာတ်ပုံ ရင်းမြစ်, Narinjara Photo

ဓာတ်ပုံ ပုံစာ,

လုံခြုံရေး စိုးရိမ်လို့ ထွက်ပြေးလာကြသူများ

နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ၅ ရက်မြောက်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ အထိ အထိ မောင်တောမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း ဖြစ်ပါတယ်။

ရွာတွေမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြသလို ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဆရာ ဆရာမတွေကိုလည်း အာဏာပိုင်တွေက စစ်ရဟတ်ယာဉ်တွေနဲ့ မောင်တော မြောက်ပိုင်းကနေ ဘူးသီးတောင်ကို ရွှေ့ပေးခဲ့ ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့ကို ရာနဲ့ချီတဲ့ စစ်ပြေးရှောင်တွေ ရောက်လာတယ်လို့ ဘူးသီးတောင်က လူမှုရေး ဦးဆောင်သူ ကိုဇော်ဝင်းက ပြောပါတယ်။

နောက်ထပ် ထွက်ပြေးလာသူတွေ များနေတဲ့ အတွက် ဘူးသီးတောင်မြို့ သုဓမ္မာရုံ ဘုန်းတော်ကြီး ကျောင်းမှာ စစ်ပြေးရှောင်တွေကို ထားရာကနေ အထက်တန်း ကျောင်းခွဲကို ပို့မယ်လို့လည်း သူက ပြောပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းက အောင်မင်္ဂလာ ရွာမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အားလုံးက စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့တွေကို ထွက်ခွာသွားကြပြီလို့ ရွာလူကြီး ဦးသန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ရွာမှာ အမျိုးသားတွေလည်း ၂၅ ယောက်လောက်ပဲ ကျန်တော့တယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တိုက်ပွဲဖြစ်တဲ့ အသံတွေ ကြားရပြီသေနတ်သံ အချက် ၂၀ လောက် ကြားခဲ့ရတယ် လို့လည်း ရွာလူကြီး ဦးသန်းလွင်က ပြောပါတယ်။

နယ်ခြားစောင့်တပ် ဌာနချုပ် နားက ဝါဘိတ် မူဆလင် ရွာမှာ တိုက်ပွဲ ဖြစ်ပြီး ရွာ မီးလောင်ရာကနေ ရွာသားတွေဟာ အနီးအနားက မောင်နှစ်မ မွတ်ဆလင်ရွာကို ထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။

အခြေအနေ လုံးဝ မတည်မငြိမ် ဖြစ်နေတဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက ဆရာ ဆရာမ ၉၀ကျော်ကိုတော့ စစ်ရဟတ်ယာဉ်တွေနဲ့ ဘူးသီးတောင်ကို ဒီကနေ့မှာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

နောက်ထပ် ကျန်ရှိနေတဲ့ ဆရာ ဆရာမတွေက ခမောင်းဆိတ်ရွာမှာ ၃၃ဦး၊ တောင်ပြို မှာ ၄၀ ကျော်၊ တမန်းသား ၁၄ ဦး၊ ကပ်ပကောင်း ၁၂ ဦး၊ တမန်းသား ၁၄ ဦး၊ ငခူရ ၅ ဦးနှင့် ရွက်ညိုးတောင် ၂၂ ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ကိုလည်း ရာသီဥတု သာယာရင် နောက်တစ်နေ့ သောကြာနေ့မှာ ထပ်မံ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် အခြေအနေဟာ တစ်နေ့ထက် ဆိုးရွားလာနေတဲ့ အနေအထားမျိုး ဖြစ်လာတဲ့ အတွက် ဒေသခံ လူထု ကြားမှာ စိုးရိမ်မှုတွေ တိုးပွားနေကြ ပါတယ်။