အင်းဝ အပ်ချုပ်ဆိုင်အမှု စတင် စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, AP
ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၇ နှစ် ကနေ တသက် တစ်ကျွန်း အထိ ပြစ်ဒဏ် စီရင်ချက် ချမှတ် နိုင်
အောက်တိုဘာလ ၁၃ ရက်နေ့က အင်း၀ အပ်ချုပ်ဆိုင် အိမ်အကူ မိန်းကလေး တွေရဲ့ အမှုကို ရန်ကုန်မြို့ က တရားရုံး နှစ်ခုမှာ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
အနောက်ပိုင်း ခရိုင် တရားရုံးမှာတော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စွဲချက် တွေနဲ့ တရားလိုကို စစ်ဆေးခဲ့ ပါတယ်။
အိမ်အကူ မိန်းကလေးတွေ ကို နှိပ်စက် ညှင်းပန်းမှု နဲ့ ဆိုင်ပိုင်ရှင်တွေကို အနောက်ပိုင်း ခရိုင် တရားရုံး နဲ့ ကျောက်တံတား မြို့နယ် တရာရုံးတို့မှာ ရုံးထုတ်တာ ဖြစ်ပါတယ်။
အနောက်ပိုင်း ခရိုင် တရားရုံးကတော့ ပြီးခဲ့တဲ့အပတ်က တရားခံ ဘက်ကရှေ့နေ မစုံလို့ မစစ်ရတဲ့ဒီအမှု ကို တရားခံ ရှေ့နေ အစုံအလင် နဲ့ တရားလို ကိုစတင် စစ်ဆေးခဲ့ပါတယ်။
လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဘက်က ရဲမှူး မျိုးသိမ်း ကို စတင် စစ်ဆေး ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ချိန်းဆို ထားတယ်လို့ ကျောက်တံတား မြို့မ ရဲစခန်းမှူး ဒုရဲမှူး တိုးမြို့က ပြောပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း ကျောက်တံတားမြို့နယ် ရဲစခန်းက တရားလိုပြုလုပ် ပြီး အပြင်းအထန် နာကျင်စေမှု၊ ပူးပေါင်း ပါဝင်မှု၊ မတရား ချုပ်နှောင် ထားမှု၊ စတဲ့ပုဒ်မတွေနဲ့အင်းဝအပ်ချုပ်ဆိုင် ဆိုင်ရှင်မိသား စုဝင် ခြောက်ဦးကို ကျောက်တံတားမြို့နယ် တရားရုံးမှာ စတင် တရားဆွဲဆိုခဲ့ပါတယ်။
ကျောက်တံတား မြို့နယ် တရားရုံးမှာ လည်း အသက် မပြည့်သေးတဲ့ ကလေး သူငယ်တွေကို နှိပ်စက် ညှင်းပန်း မှုတွေ နဲ့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး ဦးစီး ဌာနက တရားစွဲ ဆိုထားပါတယ်။
ပုဒ်မ ၃၂၅၊ ပုဒ်မ ၃၂၆ နဲ့ မတရား ဖမ်းဆီး ချုပ်နှောင်မှု ပုဒ်မ ၃၄၄ တွေနဲ့ စစ်ဆေး ဆောင်ရွက် နေတာ ဖြစ်ပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၇ နှစ် ကနေ တသက် တစ်ကျွန်း အထိ ပြစ်ဒဏ် စီရင်ချက် ချမှတ် နိုင်တယ်လို့ အိမ်အကူ မိန်းကလေး တွေရဲ့ ဥပဒေ အကြံပေး ဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။
ပြီးခဲတဲ ရက်ပိုင်းကလည်း ဒီအမှုကို နှစ်ဘက် ကျေ အေးဖို့ လျော်ကြေးပေး ညှိနှိုင်း ခဲ့တဲ့ လူ့ အခွင့်ရေး ကော်မရှင်အဖွဲ့ ဝင် ၄ ဦးကိုလည်း သမ္မတ က တာဝန် ကနေ နှုတ်ထွက် ထွက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။