ဖားကန့်မှာ တန်ချိန် ၂၁၀ ရှိတဲ့ ကျောက်စိမ်းတုံး တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Shan Gyi (FB)
တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး ဟာ အရင် တူးဖော် တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံး တွေထဲမှာတော့ အကြီးဆုံး ဖြစ်
အောက်တိုဘာလ ၁၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်မှာ အလေးချိန် တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်း ကျောက်စိမ်းကုမ္ပဏီကနေ တူးဖော်ရခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာ အစိုးရက ထိန်းသိမ်းထားပါတယ်။
ကချင်ပြည်နယ် ဖားကန့် ကနေ ရရှိထားတဲ့ တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး ဟာ အရင်တူးဖော်တွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးတွေထဲမှာတော့ အကြီးဆုံးဖြစ်ပါတယ်။
ဒီကျောက်စိမ်းတုံးကြီးကို ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မက်လင်ချောင် မှော်က အစိုးရနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာတောင်တန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကျောက်စိမ်းအရိုင်းတုံးကြီးဟာ အလုံးတစ်လုံးတည်း ရှိတဲ့ လုံးစွတ်အမျိုးအစား ဖြစ်ပြီး အရွယ်အစားဟာ အိမ်တစ်လုံးစာလောက် ရှိတယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
လောလောဆယ်မှာ ဒီကျောက်စိမ်းအရိုင်းတုံးတွေကို လုံးခင်း-ဖားကန့်မှာ ရှိတဲ့ ကျောက်စိမ်း ညွှန်ကြားရေးမှူးရုံးကို ပို့ဆောင်နေပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။
ကျောက်စိမ်းလုပ်ကွက်ကနေ တူးဖော်ခဲ့ချိန်မှာ အလုံးတစ်လုံးတည်း ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီး ဖြစ်ပေမယ့် အခုတော့ အပိုင်း (၄) ပိုင်း ကွဲထွက်သွားတယ်လို့ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။
ကျောက်စိမ်းအရိုင်းတုံးကြီး ကို နယ်မြေခံ ရဲ နဲ့ စစ်တပ်က လောလောဆယ်မှာ လုံခြုံရေး ပေးထားပါတယ်။ အစိုးရနဲ့ အကျိုးတူ ကုမ္ပဏီတို့ တူးဖော်တွေခဲ့တာ ဖြစ်လို့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တန်ချိန် (၃၀၀၀) လောက်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ၂၀၀၀ ခုနှစ်က ပတ္တမြားနဂါးကုမ္ပဏီကတွေ့ရှိခဲ့ပြီး ဒါကို မတူးဖော်ပဲ အဲ့ဒီနေရာမှာပဲ ပြတိုက်အဖြစ် ထားရှိထားပါတယ်။
ဒါ့အပြင် တန်ချိန် တစ်ရာကျော် နဲ့ တန်ချိန် တစ်ရာအောက် ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို အရင်အစိုးရတွေလက်ထက်က တူးဖော်ခဲ့ဖူးပေမယ့် အစိုးရက တိတိပပ သတင်းထုတ်ပြန်တာတော့ မလုပ်ခဲ့ပါဘူး။
အခု တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် (၂၀၀)ကျော် ကျောက်စိမ်းအရိုင်းတုံးကြီးကတော့ ဘယ်လောက်တန်ဖိုး ရှိမလဲဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။