ချင်းတွင်းမြစ်သွား ရေယာဉ်တစင်းနစ်မြုပ်

ဓာတ်ပုံ ရင်းမြစ်, Google
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ဟုမ္မလင်းနဲ့ မုံရွာကြားမှာ ပြေးဆွဲတဲ့ ခရီးသည် ၂၅၀ကျော်ပါတဲ့ အမြန်ရေယာဉ်တစင်း တိမ်းမှောက်
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ဟုမ္မလင်းနဲ့ မုံရွာကြားမှာ ပြေးဆွဲတဲ့ အမြန်ရေယာဉ်တစင်း တိမ်းမှောက်သွားတဲ့အတွက် လူ၅၀ ထက်မနည်း ပျောက်ဆုံးနေပါတယ်။
မနက် အစောပိုင်းမှာ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ ကန္နီနယ်အတွင်း မိချောင်းတွင်းရွာနားမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ အလောင်း လေးလောင်း တွေ့ရှိထားပြီး လူ ၁၅၀ကျော် ကယ်တင်ထားနိုင်ခဲ့တယ် လို့ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ သူတွေကိုလည်း ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
ဒီရေယာဉ်ဟာ တိမ်းစောင်းရာကနေ မိနစ်ပိုင်းအတွင်း မှောက်သွားခဲ့တာ ဖြစ်တယ်လို့ အသက်ရှင်ကျန်ရစ်သူတဦး ဖြစ်တဲ့ မမေသန့်ဇွန်က ဘီဘီစီကို ပြောပါတယ်။
ဒီလို တိမ်းမှောက်အပြီးမှာ ခရီးသည်တွေက အော်ဟစ်အကူအညီ တောင်းကြတဲ့အတွက် မိကျောင်းတွင်းရွာကလူတွေ စက်လှေတွေနဲ့ ထွက်လာပြီး လာရောက် ကယ်ဆယ်ခဲ့တယ်လို့ မမေသန့်ဇွန်က ပြောပါတယ်။
ခရီးသည်နဲ့ ကုန်တင်တာများတဲ့အတွက် ခရီးသည် ၂၅၀ကျော်ပါတဲ့ ဒီရေယာဉ်က အကွေ့မှာ မှောက်သွားခဲ့တာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန တိုင်းဦးစီးမှူး ဦးစဝီလျံဖရန့်က ဘီဘီစီကို ပြောပါတယ်။
ကယ်တင်ခဲ့တဲ့ ခရီးသည်တွေကို တိုက်နယ်ဆေးရုံနဲ့ ရွာဘုန်းကြီးကျောင်းမှာ ၂သုတ်ခွဲပြီးစောင့်ရှောက်ထားတယ်လို့ ဦးစဝီလျံဖရန့်က ပြောပါတယ်။
ဒီခရီးသည်တွေကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် အားပေးစကား ပြောခဲ့ပြီး မှောက်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။