မောင်တော ရွာအချို့ ရိက္ခာပြတ်လပ်မှု ကြုံတွေ့

ဓာတ်ပုံ ရင်းမြစ်, NArinjara
အချို့ ဒေသ တွေမှာ သွားလာရေး လုံးဝ အဆက်ပြတ်နေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို တပ်မတော်က စစ်ဆင်ရေး အသွင် နဲ့ ရှင်းလင်းမှု တွေ လုပ်နေပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ က ရိက္ခာ ပြတ်လပ် နေတဲ့ ကျေးရွာ အချို့ကို အလိုတော်ပြည့် ဆရာတော်ကြီး က ဆန် အိတ် ၂၀၀ နဲ့ ငွေကျပ်သိန်း ၁၅ဝကို မောင်တောမြို့မှာ အခမ်းအနားနဲ့ ကူညီ လှူဒါန်း ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ ဖြစ်ပြီးတာ နဲ့ ချက်ချင်း အရေးယူ ဆောင်ရွက် နေပြီး၊ နယ်မြေ အသီးသီးမှာ လုံခြုံရေး ဆောင်ရွက် နေတယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောပါတယ်။
တပ်မတော်က လုံခြုံရေး ဆောင်ရွက်နေပေမယ့် မောင်တောမြို့နယ် မြောက်ပိုင်းမှာတော့ သွားလာရေး ခက်ခဲတာတွေရှိသလို တိုက်ပွဲတွေလည်း ကြိုးကြား ကြိုးကြား ဖြစ်ပွားနေပါတယ်။
နယ်မြေ ရှင်းလင်းရေး လုပ်နေပေမယ့် ထိန်းချုပ်နိုင်မှု မရှိနိုင်ဘဲ ဖြစ်နေတာတွေလည်း ရှိနေပါတယ်။
လူနည်းစု ဖြစ်နေတဲ့ တိုင်းရင်းသားတွေကျေးရွာမှာ လုံခြုံရေး မရှိဘူး ဖြစ်နေတဲ့ အတွက် ဒေသခံတွေက လုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မောင်တော မြို့နယ်က အချို့ ဒေသ တွေမှာ သွားလာရေး လုံးဝ အဆက်ပြတ်နေပါတယ်။
ဝေးလံတဲ့ ရွာတွေမှာ ရိက္ခာတွေ ပြတ်လပ် မှုတွေ ရှိနေကြောင်း ဒေသခံ တွေက ပြောဆို နေကြောင်း မောင်တောခရိုင် ဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောပါတယ်။
မောင်တော ဒေသဟာ လောလောဆယ်မှာ တည်ငြိမ်နိုင်ဖို့ အလားအလာက ဝေးကွာနေဆဲပါ။ တပ်မတော် ကလည်း နယ်မြေ ရှင်းလင်းရေးကို အချိန်ယူပြီး လုပ်ဆောင် နေတယ်လို့ သိရှိရပါတယ်။