နိုင်ငံရေးဆွေးနွေးမှုမူဘောင် သုံးသပ်တဲ့ အစည်းအဝေးကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Hla Maung Shwe
UNFC နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မှာ အင်္ဂါနေ့က ကျင်းပ ခဲ့ပါတယ် ။
ဒီအစည်းအဝေးကို UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ( DPN ) က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ် ။
မူဘောင်တခုလုံးကို ပြန်လည်သုံးသပ်တာ ဖြစ်ပြီး အခန်း ၄ ထိ ဆွေးနွေးခဲ့ကြပါတယ် ။
အဓိကအားဖြင့် မူဘောင်မှာ ပါဝင်တဲ့ စုဖွဲ့မှု ပုံစံနဲ့ ဆုံးဖြတ်ချက်ချမယ့် အပိုင်းတွေကို အစိုးရ၊ တပ်မတော်နဲ့ DPN ကကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြ တာပါ ။
လက်ရှိ မူဘောင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ အစိုးရ၊ လွှတ်တော် ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီများနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားခေါင်းဆောင်များ ဆိုပြီး အစုအဖွဲ့ ၇ ဖွဲ့နဲ့ ဆွေးနွေးတဲ့ပုံစံ ဖြစ်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၇ဝဝ ရှိပါတယ် ။
DPN အဖွဲ့က အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က အစုအဖွဲ့ တခု ၊ တိုင်းရင်းသားလက်နက် ကိုင်များ အဖွဲ့ က အစုအဖွဲ့ တခုနဲ့ နိုင်ငံရေးပါတီများက အစုအဖွဲ့ တခုဆိုပြီးအစုအဖွဲ့ ၃ ခုနဲ့ နိုင်ငံရေး ဆွေး နွေးပွဲတွေ ကျင်းပစေချင် တာပါ ။
ဒီလိုအစု ၃ စုနဲ့ ဆွေးနွေးမှာသာ ဆုံးဖြတ်ချက်ချတဲ့အခါ တဘက်နဲ့ တဘက် အသာစီးမယူဘဲ တန်းတူရည်တူ ဖြစ်မယ်လို့ ယူဆတဲ့အတွက် DPN က တောင်းဆိုရ တာလို့ ဦးထွန်းဇော်ကပြောပါတယ် ။
အစိုးရ ဘက်ကတော့ တပ်မတော်နဲ့ ပြေလည်ရေးကို အဓိက စဉ်းစားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို ရှင်းရှင်းလင်း ပြောကြားလိုက်တဲ့အကြောင်း ဆွေးနွေးမှာပါဝင်တဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ် ။
ဒီ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ပြင်ဆင်နိုင်မှသာ ရှေ့ ဆက်လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင်လာနိုင်မှာ ဖြစ်ပါတယ် ။
ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံရေး ဆွေးနွေးမူဆိုင်ရာ မူဘောင်မှာပါတဲ့ ဆုံးဖြတ်ချက်ချမယ့် ပုံစံကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ် ။