ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဒီဇင်ဘာလ အစောပိုင်းမှာ တင်ရမယ်

Image caption ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲဆန္ဒ ကဒ်ပြား

မြန်မာနိုင်ငံအနှံ့က လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် (၂၀၁၇) ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။

လစ်လပ် မဲဆန္ဒနယ်တွေ သာမက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်ထဲက မိုင်းရူး နဲ့ ကျေးသီး မြို့တွေမှာလည်း ပြုလုပ်မှာဖြစ်ပါတယ်။

အဓိက လစ်လပ်နေတဲ့ နေရာတွေကတော့ ပြည်သူ့လွှတ်တော်မှာ (၉) နေရာ အမျိုးသားလွှတ်တော်မှာ (၃) နေရာနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ (၇) နေရာ ဖြစ်ပြီးတော့ စုစုပေါင်း (၁၉) နေရာ ရှိပါတယ်။

နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကတော့ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့ရပေမယ့် ဒီ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် (၁၉)နေရာစလုံးမှာ ဝင်ပြိုင်မှာ ဖြစ်ပြီး နေရာအားလုံးမှာ အနိုင်ရဖို့ ပြင်ဆင်နေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်ရီ က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း ရွေးဖို့ ကိစ္စနဲ့ ပတ်သက်လို့ တိုင်းရင်းသား ဒေသတွေမှာဆိုရင် တိုင်းရင်းသား ကို ဦးစားပေးမှာ ဖြစ်ပြီး ၊ ဒေသခံ တိုင်းရင်းသားတွေ လက်ခံတဲ့ သူတွေကိုသာ အလေးထား စဉ်းစားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အရင်တုန်းက ဆိုရင် သင့်တဲ့သူကို အထက်က ရွေးချယ်ပေးပြီး ယှဉ်ပြိုင်စေခဲ့ပေမယ့် အခုတော့ အောက်ခြေက လူထု လက်ခံသူတွေကို ရွေးပြီး ပြိုင်ခိုင်းမယ်လို့ ဦးခင်ရီက ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီအဖြစ် ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကတော့ မိုင်းရှူး၊ ကျေးသီး နဲ့ ကျိုင်းတုံ မြို့နယ်တွေအပါအဝင် နေရာ (၇)နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုပြီး အောက်တိုဘာ ၂၁ ရက်က ကျင်းပခဲ့တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ညောင်ရွှေမှာတော့ မြို့နယ် ရုံး မရှိတာရယ် ၊ ပါတီ၀င် နည်းတာတွေကြောင့် အဲဒီ တနေရာကတော့ ချွင်းချက် ဖြစ်နေပြီး ၀င်ပြိုင်ဖို့ မသေချာဘူးလို့ SNLDပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

အရင်ကတော့ မြို့နယ်က တင်ပြပေးလိုက်တာကို အတည်ပြု ပေးလိုက်တာ ဖြစ်ပြီး အခုတော့ နိုင်ငံရေး လိုအပ်ချက် အရ ၊ ပါတီတွင်း လိုအပ်ချက် အရ အဲဒီမြို့နယ်တွေက တင်လာတာကို ဗဟိုက အတည်ပြုချက် ရမှသာ ၀င်ပြိုင်ခွင့် ရမှာ ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ရှင်းပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ အန်န်လ်ဒီပါတီကတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၁၉) နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းစာရင်းကို နိုဝင်ဘာ လလယ်လောက် ထုတ်ပြန်မယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေး ပါတီတွေ အနေနဲ့ ပါတီ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို နို၀င်ဘာ ၂၈ ရက်မှ ဒီဇင်ဘာလ ၇ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ကို နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပြီး အတည်ပြု ကိုယ်စားလှယ်လောင်း အမည်စာရင်းကိုတော့ ဇန်နဝါရီလ (၂)ရက်နေ့မှာ ကော်မရှင်က ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မဲဆွယ်ကာလကိုလည်း ဇန်နဝါရီလ (၃၀) ရက်နေ့ကနေ စပြီး ရက်ပေါင်း (၆၀) အထိ သတ်မှတ်ထားပါတယ်။